Home » » မစ္စတာ ကင်တားနား ပြောကြားချက် မဟုတ်မှန်ကြောင်း သမ္မတပြောခွင့်ရသူ ရှင်းလင်း

မစ္စတာ ကင်တားနား ပြောကြားချက် မဟုတ်မှန်ကြောင်း သမ္မတပြောခွင့်ရသူ ရှင်းလင်း

Written By Unknown on Friday, August 23, 2013 | 10:01 PM

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojae Quintana ရဲ့ မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြမှုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်တွေဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောခဲ့ပါတယ်။

ဒီနေ့နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မစ္စတာ Quintana ရဲ့ ရှင်းလင်းချက်အပေါ် အခုလို တုန့်ပြန်ပြောဆိုလိုက်တာပါ။

“ခုနက ကျနော်ပြောသလို သူ့ကားကြီးကို ကန်တယ်ဆိုတာမဟုတ်ဘူး၊ သို့သော် တီရှပ်နဲ့ စာတစ်စောင်ပေးဖို့ ကြိုးစားတာတော့ရှိတယ်၊ ကားနားကိုကပ်တယ်၊ မှန်ကိုသွားခေါက်တဲ့အတွက်ကြောင့်မို့ ရဲတွေကလမ်းရှင်းပေးလိုက်တယ်၊ အဲနားလေးမှာ တစ်မိနစ်၊ နှစ်မိနစ်လောက်ပဲလို့ ကျနော်ထင်တယ်၊ တကယ်သာ လူနှစ်ရာလောက်က သူ့ကားကြီးကို ဝိုင်းတွန်းကြဆွဲကြလုပ်တယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့လူတွေက မိုဘိုင်းဖုန်းတွေရှိတာပဲ၊ သတင်းထောက်တွေလည်းရှိနေတာပဲ၊ ချက်ချင်းတက်လာမှာပေါ့”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ည ၁ဝ နာရီခွဲလောက်က မစ္စတာကင်တားနား မိတ္ထီလာမြို့ကိုရောက်ရှိစဉ် လူအင်အား ၂ဝဝ လောက်က သူ့ကားကို ဝိုင်းဝန်းထုနှက်ကြကြောင်း အဲဒီအတွက် ကြောက်ရွံ့ထိတ်လန့်မိကြောင်း၊ အဲဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ခံစားခဲ့ရသူတွေကို သူ့အနေနဲ့ စာနာနားလည်မိကြောင်း မစ္စတာ ကင်တားနားက သြဂုတ်လ ၂၁ ရက်နေ့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို ဒီနေ့ရှင်းပြခဲ့တာပါ။

ဒါ့အပြင် ဦးရဲထွဋ်က မိတ္ထီလာမြို့မှာ ဆန္ဒပြခဲ့ကြသူတွေနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြခဲ့ပါတယ်။

“ကြားတာ သုံးရာကျော်၊ လေးရာလောက်ရှိတယ်ပြောတယ်၊ တချို့ကလည်း တစ်ထောင်နီးပါးလောက်ရှိတယ်ပြောတယ်၊ အဲတာကို တဖြည်းဖြည်းစီလူစုခွဲနေတာပေါ့၊ သူရောက်လာတာ ၁ဝ နာရီခွဲဆို အဲဒီနားမှာ လူတစ်ရာလောက်ကျန်နေသေးတယ်၊ တချို့ကလည်းပြောတယ်၊ ကျနော်တို့ ဘာဖြစ်လို့ချက်ချင်းမခွဲလဲဆိုတာ၊ အဲဒီလူတွေက တုတ်တွေ၊ ဓားတွေနဲ့ လာပြီးတော့မှ ည ၁ဝ နာရီကျော်ခဲ့ပြီဆိုရင် ကျနော်တို့ဖြေရှင်းနည်းက တစ်မျိုးဖြစ်လိမ့်မယ်၊ သူတို့က ည ၁ဝ နာရီမတိုင်ခင်ကတည်းက အေးအေးချမ်းချမ်းဆန္ဒပြဖို့ ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က မေတ္တာရပ်ခံတဲ့နည်းနဲ့ ဖြည်းဖြည်းချင်းဖယ်ရှားနေတာ၊ ဒါကြောင့်မို့ သူရောက်လာတဲ့အချိန်မှာ အဲဒီလူတွေကရှိနေတယ်၊ ခုနက ကျနော်ပြောသလို သူ့ကားကြီးကို ကန်တယ်ဆိုတာမဟုတ်ဘူး”

မစ္စတာ ကင်တားနားရဲ့ ပြောဆိုရှင်းလင်းချက်ဟာ တစ်ဦးချင်းသဘောအရသာ ပြောတာဖြစ်ပြီး ကုလသမဂ္ဂက တရားဝင်ပြောဆိုလာမယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဒီနေ့နေပြည်တော်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲကို ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဝန်ကြီး ဦးစိုးသိန်းနဲ့ ဝန်ကြီး ဦးခင်ရီတို့ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese