Home » » လျှပ်စစ်မီးရရှိရေး ဆန္ဒပြသူ ၆ ဦးကို ပြစ်ဒဏ်တွေ ချမှတ်

လျှပ်စစ်မီးရရှိရေး ဆန္ဒပြသူ ၆ ဦးကို ပြစ်ဒဏ်တွေ ချမှတ်

Written By Unknown on Friday, August 23, 2013 | 10:04 PM

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဧပြီလက ပဲခူးတိုင်း၊ ပြည်မြို့မှာ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆိုခဲ့ကြသူ ၆ ဦးကို ဒီနေ့ ပြည်မြို့နယ်တရားရုံးက ငွေဒဏ်တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

ပြည်မြို့က ကိုဇော်ထွန်း၊ ကိုဝင်းလှိုင်၊ ကိုကျော်ဆွေ၊ ကိုအောင်မိုးကျော်၊ ကိုသန်းဌေးနဲ့ မယမင်းလတ်တို့ ခြောက်ဦးကို တရားမဝင် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ(၁၈)နဲ့ အမိန့်ချမှတ်လိုက်တာလို့ အမိန့်ချမှတ်ခံရသူတစ်ဦးဖြစ်တဲ့ ကိုဇော်ထွန်းက အခုလိုပြောပါတယ်။

"တရားရုံးက ထွက်ဆိုချက်တွေ ကျနော်တို့ရဲ့ အထောက်အထားတွေက မခိုင်လုံဘူးပေါ့၊ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့အတွက်ကြောင့် ပုဒ်မ ၁၈ နဲ့တရားစွဲပြီး ထောင်သုံးလ သို့မဟုတ် ငွေဒဏ်တစ်သောင်းကိုချတယ်"

၂ဝ၁၂ ခုနှစ် ဧပြီလက ပြည်မြို့မှာ အဲဒီ ၆ ဦးက ပြည်မြို့နဲ့ တစ်နိုင်ငံလုံး (၂၄) နာရီ လျှပ်စစ်မီးရရှိရေး တောင်းဆိုခဲ့ကြတာပါ။ တရားမဝင်ဆန္ဒပြတယ်ဆိုပြီး အဲဒီအချိန်က သူတို့အားလုံးကို ပြည်အကျဉ်းထောင်မှာ ၄ နာရီလောက်ထိန်းသိမ်းခဲ့ပြီး ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ၅ ဦးရဲ့ ထောက်ခံချက်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တာလို့ သိရပါတယ်။

သူတို့အားလုံးရဲ့ စုစုပေါင်းရုံးချိန်းဟာ ၁၆ ကြိမ်ရှိခဲ့ပြီး ဒီနေ့မှနောက်ဆုံးအမိန့်ချခဲ့တာပါ။

RFA Burmese