Home » » လေးလအတွင်း အကောက်ခွန်မဲ့ မိုဘိုင်းလ်ဖုန်းဟန်းဆက် ကျပ် တစ်ဘီလီယံကျော်ဖိုး ဖမ်းမိ

လေးလအတွင်း အကောက်ခွန်မဲ့ မိုဘိုင်းလ်ဖုန်းဟန်းဆက် ကျပ် တစ်ဘီလီယံကျော်ဖိုး ဖမ်းမိ

Written By Unknown on Friday, August 23, 2013 | 7:02 PM

ရန်ကုန်၊ သြဂုတ် ၂၂

တရားမဝင် အကောက်ခွန်မဲ့ မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လျက်ရှိရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ပထမလေးလ (ဧ...ပြီလမှ ဇူလိုင်လ) အတွင်း ကျပ်သိန်း တစ်သောင်းတစ်ထောင်ကျော် တန်ဖိုးရှိ မိုဘိုင်းလ်ဖုန်း ဟန်းဆက်များ ဖမ်းဆီးရမိကြောင်း အကောက်ခွန်ဦးစီးဌာနက ကြေညာသည်။

ယခုနှစ်ဧပြီလမှ စတင်ကာ မိုဘိုင်းလ်ဖုန်းဆင်းကတ် အလုံးရေ သုံးသိန်းငါးသောင်းကို တစ်လချင်းစီ ရောင်းချပေးလျက် ရှိရာ ဈေးကွက်အတွင်း ဟန်းဆက် လိုအပ်ချက် မြင့်တက်လျက် ရှိသော်လည်း ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလ်ဖုန်းအလုံးရေ ငါးသောင်းကျော်သာ တရားဝင် တင်သွင်းထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက စာရင်းထုတ်ပြန်ထားသည်။

ယင်းတရားမဝင် တင်သွင်းမှုကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတို့မှတစ်ဆင့် တင်သွင်းလျက် ရှိသော်လည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နယ်စပ်မှတစ်ဆင့် မိုဘိုင်းလ်ဖုန်း တင်သွင်းမှုမှာ တရားဝင်စာရင်း လုံးဝမရှိကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဖုန်းဆိုင်ကြီးတစ်ဆိုင်တွင် ပျမ်းမျှတစ်လလျှင် အနည်းဆုံး ဖုန်းအလုံးရေ ၃၀၀ ခန့် ပုံမှန်ရောင်းချလျက် ရှိကြောင်း နာမည်ကြီး မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် တာဝန်ခံတစ်ဦးက ဆိုသည်။

နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရားမဝင် တင်သွင်းလာသော မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို ကိုယ်ပိုင်ယာဉ်များ၊ ဆိုင်ကယ်ကယ်ရီများနှင့် ခရီးသည်တင်ယာဉ်များတွင် စစ်ဆေးတွေ့ရှိရကြောင်း ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောဆိုသည်။

လတ်တလောတွင် ကုန်သွယ်မှု ဝင်ပေါက်များမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုကို အဓိကထား တားဆီးထိန်းချုပ်နေပြီး တရားမဝင် ကုန်သွယ်မှုလျော့နည်း ကျဆင်းစေရန် ဈေးကွက်အတွင်းရှိ ဆူပါမားကက်များ၊ ဈေးဆိုင်များကိုပါ ဝင်ရောက်စစ်ဆေးနိုင်ရန် တစ်ဆင့်ပြီးတစ်ဆင့် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ရုံးအဖွဲ့ခေါင်းဆောင် ဦးညွန့်အောင်က ပြောကြားသည်။

“အခုလောလောဆယ် တရားမဝင် ကုန်စည်ဝင်ပေါက် လမ်းကြောင်းတွေကို အဓိကထားပြီး ပိတ်သွားမယ်။ နောက်ပိုင်းမှာတော့ ဈေးကွက်ထဲထိ ဝင်စစ်ဆေးဖို့ လုပ်သွားမှာပါ။ ဈေးကွက်က အရမ်းကျယ်ပြန့်တဲ့အတွက် ခုချက်ချင်းလုပ်ဖို့တော့ မလွယ်သေးဘူး” ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ၎င်းဆိုသည်။

The Voice Weekly