အင်္ကျီနောက်ကျောတွင် တရုတ်ဘာသာဖြင့် စာရေးသားထားသည့် စည်ပင်ဝတ်စုံ အင်္ကျီအပြာနှင့် ဘောင်းဘီအပြာဝမ်းဆက် ဝတ်ထားသော ရခိုင်အမျိုးသမီးတစ်ယောက် ကြယ်ဂေါင်မြို့ ကတ္တရာလမ်းမထက် တာဝန်ကျလမ်းပိုင်းတွင် လမ်းသန့်ရှင်းရေး ဆောင်ရွက်နေသည်။
နေပူလိုက်၊ မိုးအုံ့လိုက် ဖြစ်နေသည့် တရုတ်-မြန်မာ နယ်စပ်ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကြယ်ဂေါင်မြို့ ကတ္တရာလမ်းမထက် ပျံ့လွင့်နေသည့် အမှိုက်များကို အဆိုပါ အမျိုးသမီးက တံမြက်စည်းဖြင့် လိုက်လံသိမ်းဆည်း ရှင်းလင်းနေခြင်းဖြစ်သည်။ တရုတ်စံတော်ချိန် နံနက် ၆ နာရီမှ မွန်းလွဲ၂ နာရီအထိ သန့်ရှင်းရေးလုပ်ဆောင်ရပြီး တစ်လလျှင် မြန်မာငွေ ကျပ်နှစ်သိန်းနီးပါး ရရှိသည်ဟု ၄င်းကဆိုသည်။
မူဆယ်နှင့် ရွှေလီတွင် မိသားစု စားဝတ်နေရေးအတွက် ကျရာအလုပ် ဝင်လုပ်နေသည့် မြန်မာလူမျိုးများ တစ်နှစ်ထက် တစ်နှစ် များပြားလာကြောင်း ယင်းမြို့တို့ရှိ ရွှေ့ပြောင်း မြန်မာလုပ်သားများက ဆိုသည်။
နေထိုင်ရေးအခက်အခဲ၊ ဘာသာ စကား အခက်အခဲများ ရှိသည့်အနက် တရုတ်-မြန်မာနယ်စပ် အကြား နယ်စပ် ဖြတ်ကျော်ခွင့်နှင့် နေထိုင်ခွင့်မှာ ရွှေ့ပြောင်း လုပ်သားများအတွက် ဝန်ထုပ်ဝန်ပိုးအခက် အခဲတစ်ခုဖြစ်နေသည်။
"ကျွန်တော်တို့တွေ လိုချင်တာက နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နီကို လွယ်လွယ်ကူကူနဲ့ လုပ်လို့ရဖို့ရယ်၊ တစ်ပတ်နေထိုင်ခွင့် ပေးရာကနေ တစ်လသက်တမ်းပေးရင် ကောင်းမယ်" ဟု ရွှေလီမြို့ရှိ စကျင်ကျောက် ဘုရားအချောကိုင် လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်နေသူ အသက် ၂၅ နှစ် ပတ်ဝန်းကျင် အရွယ်ရှိ ကိုခင်မောင်ကပြောကြားသည်။
မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ဝင်များသာ တစ်နှစ်သက်တမ်းရှိသည့် တရုတ်- မြန်မာ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်အနီကို ပိုင်ဆိုင်ခွင့်ရှိပြီး တရုတ်သို့ တစ်ခါဝင်တိုင်း ငွေကျပ် ၃၀၀ ကို ကြယ်ဂေါင်-မူဆယ် နယ်စပ်နန်းတော်ဂိတ်တွင် ပေးဆောင်ရသည်။
အခြားမြို့ကလာသည့် မြန်မာနိုင်ငံသား များမှာမူ တရုတ်နယ်စပ်သို့ ဝင်ခွင့်အတွက် မှတ်ပုံတင်ပြကာ ပြုလုပ်ရသည့် အစိမ်းကတ်မှာ တစ်ခါဝင်တိုင်း ကျပ်ငွေ ၁၀၀၀ ပေးဆောင်ရကြောင်း မြန်မာအလုပ် သမားများက ဆိုသည်။
မူဆယ်မြို့တွင် နေထိုင်ကာ ရွှေလီမြို့သို့ အလုပ်သွားလုပ်ကြသည့် လုပ်သားများ အတွက် နေ့စဉ် တစ်ခါဝင်တိုင်း ၁၀၀၀ ကျပ် ပေးနေရသည့်အတွက် အကျပ်အတည်း ဖြစ်စေသည်ဟု ၄င်းတို့ကဆိုသည်။
"တခြားမြို့တွေက လာတဲ့သူတွေ ဆိုရင် စာအုပ်နီရဖို့ မလွယ်ဘူး။ စာအုပ်နီရဖို့ ၂၀,၀၀၀ နဲ့ ၃၀,၀၀၀ ကြားထဲ ကုန်ကျတယ်။ ဘာသာခြားဆိုရင် ၄၀,၀၀၀ နဲ့ ၅၀,၀၀၀ ကြားထဲ ကုန်တယ်။ ဒါတောင် လွယ်လွယ်ကူကူ မရဘူး။ နောက်တစ်ခုဖြစ်နေတာက စာအုပ်အနီဟာ အတုလား၊ အစစ်လားဆိုတာ ဘယ်လိုခွဲခြားရမယ်မှန်း မသိဘူး။ လေးလ၊ ငါးလလောက် အသုံးပြုပြီးမှ အတုဆိုပြီး စာအုပ်သစ် ပြန်လုပ်ခိုင်းချင်လုပ်ခိုင်းတယ်" ဟု ကြယ်ဂေါင်မြို့တွင် သံထည်ပစ္စည်းများ ရောင်းချသည့် အလုပ် လုပ်ကိုင်သည့် ကိုခင်မောင်ထွေးက ပြောကြားသည်။
တစ်ရက် ၁၀၀၀ ကျပ်ပေးကာ ရွှေလီမြို့သို့ အလုပ်သွားရှာရသည့် လုပ်သားများ အနေနှင့် ရွှေလီမြို့တွင် နေ့စားအလုပ် မရရှိ ခဲ့ပါက ငွေမဝင် ၁၀၀၀ ကျပ်ဆုံး ဖြစ်နေသဖြင့် တရုတ်ရဲ အလစ်တွင် မူဆယ်နှင့် ကြယ်ဂေါင်ကြားရှိ နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် ရွှေလီမြို့ထဲသို့ ခိုးဝင်ကာ နေ့စဉ်သွားလာနေကြောင်း အလုပ်သမား များက ဆိုသည်။
ခိုးဝင်ရသည့် ၄င်းတို့ဒုက္ခမှာလည်း မသေးလှပါ။ ခိုးဝင်ပေါက်မှ ဝင်၍ တရုတ်ရဲ မိသော် မူဆယ်ဘက်ခြမ်းသို့ ပြန်လှည့် မပြေး နိုင်ပါက လမ်းမပေါ်တွင် ကန်ကျောက်ကာ ဖမ်းဆီးခံရသည်။
၎င်းတို့ ကန်ကျောက်ခံနေရသည်ကို မြင်နေရသော်လည်း မြန်မာအချင်းချင်း ဝင်ရောက်ကူပေး၍ မရကြောင်း မြန်မာ အလုပ်သမားများထံမှ သိရသည်။
တရုတ်ရဲဖမ်းခံရပါက နယ်ခံကျွမ်းကျင်သူ မြန်မာလူမျိုးများက သွားရောက်ရွေးယူ ရသည်ဟု ၄င်းတို့ကဆိုသည်။
ရွှေလီမြို့ထဲမှ စာအုပ်အနီ ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမား များမှာမူ ခုနစ်ရက်တစ်ကြိမ် စာအုပ်နီတွင် အဝင်အထွက်ပြ တံဆိပ်တုံးရိုက်နှိပ်ရေး အတွက် လေးမိုင်ခန့်ဝေးကွာသော ရွှေလီမြို့ ရှိ နယ်စပ်ပေါက်သို့ ခြေလျင်လျှောက်ကာ သွားရသည်။
စက်ဘီးမရှိ၊ လူလေးဦးလျှင် မြန်မာ ကျပ် ၃၆၀၀ ခန့် ကုန်ကျသည့် အငှားယာဉ်လည်း မစီးနိုင်သဖြင့် အလုပ်ပြီးချိန်တွင် နယ်စပ်ပေါက်တွင် အုပ်စုလိုက် ရက်သတ္တ တစ်ပတ်စာ အဝင်အထွက်ပြ တံဆိပ်သွားနှိပ်ရကြောင်း မြန်မာလုပ်သားများက ပြောဆိုသည်။
မူဆယ်ဘက်မှ ကြယ်ဂေါင်၊ ရွှေလီ တရုတ်နယ်စပ်သို့ အဝင်အများဆုံးဂိတ် ဖြစ်သော နန်းတော်ဂိတ်မှ လူဝင်မှုကြီးကြပ်ရေး အရာရှိများကလည်း မြန်မာလုပ်သားများ ကြုံတွေ့နေရသော စာအုပ်နီကိုင်ဆောင်ခွင့် အဆင်ပြေမှု ရှိစေရန် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း မီဒီယာများသို့ ပြောကြားသည်။
မြန်မာလုပ်သားများ အနေနှင့် စာအုပ်အနီ ကိုင်ဆောင်ခွင့် တောင်းဆိုခဲ့သည်မှာ နှစ်ချီကြာမြင့်နေပြီ ဖြစ်သဖြင့် ရွှေလီ၊ ကြယ်ဂေါင်သို့ အလုပ်သွားလုပ်နေရသည့် လုပ်သားများက ယုံတစ်ဝက် မယုံတစ်ဝက်နှင့် မျှော်လင့်ချက် အလင်းရောင် မှေးမှိန်နေကြဆဲ ဖြစ်ကြောင်း ၄င်းတို့ကဆိုသည်။
"စာအုပ်နီပေါ့။ ဒါကို အလွယ်တကူ လုပ်မပေးတာကလည်း လူမှောင်ခိုကူးမှု ဖြစ်ပွားနှုန်းနည်းအောင် လုပ်နေတယ်လို့လည်း ကောက်ချက်ချလို့ရတယ်" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း သုံးသပ်ပြောကြားသည်။
နယ်စပ်မြို့သို့ အရောင်းအဝယ် လုပ်ငန်းများ၊ ကျောက်စိမ်းအရောင်းအဝယ် များနှင့် အဆိုပါ လုပ်ငန်းများနှင့် သက်ဆိုင်သည့် ကျွမ်းကျင်လုပ်သားများ သွားရောက် အလုပ်လုပ်သည့်နေရာ ဖြစ်သော်လည်း ၂၀၀၈ နာဂစ်မုန်တိုင်း ပြီးနောက်ပိုင်း ရွှေလီ၊ ကြယ်ဂေါင်သို့ လခစားဝန်ထမ်း၊ နေ့စား ဝန်ထမ်းစသဖြင့် ရရာအလုပ်လုပ်ကိုင်ရန် လာရောက်သည့် မြန်မာလုပ်သားဦးရေ များပြားလာကြောင်း ရွှေ့ပြောင်းလုပ်သား များက ဆိုသည်။
"အရင်တုန်းက လုပ်သားဦးရေ ၃၀,၀၀၀ လောက်ရှိတာ။ ခု လုပ်သားဦးရေက တစ်သိန်းကျော်ဝန်းကျင် လောက်ရှိတယ်" ဟု ကြယ်ဂေါင်တွင် ၁၀ နှစ်ကြာနေထိုင်ကာ လက်ဖက်ရည်ဆိုင် ဖွင့်ထားသူအသက် ၅၀ ဝန်းကျင်ရှိ ဦးမျိုးအောင်က ပြောကြားသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ ကြယ်ဂေါင် နှင့် ရွှေလီတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား အများစုမှာ ရခိုင်၊ မကွေး၊ ဧရာဝတီ၊ မန္တလေးတိုင်းဒေသကြီး စသည့် နယ်ဒေသ တို့မှဖြစ်ကြောင်း အလုပ်သမား များထံမှ သိရသည်။
"လွန်ခဲ့တဲ့ငါးနှစ်က ကြယ်ဂေါင်စည်ပင်မှာ သန့်ရှင်းရေးလုပ်သားက တရုတ်လူမျိုးတွေ။ ပြီးတော့ ရှမ်းလူမျိုးတွေ လုပ်ကြတာ။ ခုကျတော့ တော်တော်များများ မြန်မာလုပ်သားတွေ ဖြစ်ကုန်ပြီ" ဟု ဦးမျိုးအောင် က ပြောကြားသည်။
ကြုံရာနေ့စား အလုပ်များသွားရောက် လုပ်ကိုင်သူများမှာ ကုန်ဝင်ကုန်ထွက်ပေါ် မူတည်ကာ အလုပ်ရှိလျှင် တစ်ရက်ကျပ် နှစ်သောင်းခန့် ဝင်ငွေရှိနေပြီး အလုပ်ပါးသည့် ရက်တွင် ၇၅၀၀ ကျပ်ခန့် ဝင်ငွေရှိကာ အလုပ်မရှိသည့် နေ့များတွင် ဝင်ငွေမဲ့ ရက်စွဲများ ဖြစ်သည်ဟု အလုပ်သမားများက ဆိုသည်။
"အများအားဖြင့် အလုပ်တွေက သန့်ရှင်းရေး၊ စကျင်ကျောက် ဆင်းတုတွေ ကို အချောသပ် လုပ်ငန်း၊ ကုန်တင်ကုန်ချနဲ့ တခြားအလုပ်ပေါင်းစုံကို လုပ်နေရတယ်။ ရတဲ့လခဟာလည်း တရုတ်ယွမ်ငွေ ၁၀၀၀ (၁၅၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့ ယွမ်၂၀၀၀ (၃၀၀,၀၀၀ ကျပ်ဝန်းကျင်) ကြားမှာရတယ်" ဟု ညောင်ဦးဒေသမှ ရွှေလီတွင်အလုပ် လုပ်ကိုင်နေသူ အသက် ၂၅ နှစ်ဝန်းကျင် အရွယ်ရှိ ဦးလှအောင်က ပြောကြားသည်။
ကြယ်ဂေါင်၊ ရွှေလီမြို့တို့သို့ လာရောက် အလုပ်လုပ်ကိုင်သူ များလာသည်နှင့် အမျှ တိုက်ခန်းငှားရမ်းမှု မှာလည်း နှစ်ဆခန့် မြင့်တက်နေသည်။ အခန်းငှားခ ဈေးမြင့်နေသဖြင့် ကုန်ကျ စရိတ်သက်သာစေရန် လုပ်သားများ စုပေါင်း ငှားနေရသည်များလည်း ရှိကြောင်း အလုပ်သမားများက ဆိုကြသည်။
ကျောတစ်ခင်းစာ နေရာရှိသည့် အဆိုပါ တိုက်ခန်းများတွင် လူတစ်ဦးအတွက် တစ်လလျှင် ၄၀,၀၀၀ ကျပ် ဝန်းကျင် ကုန်ကျမှုရှိသည်ဟု အလုပ်သမားများထံမှ သိရသည်။
"စုနေကြတာကလည်း တစ်မြို့တည်းသား တွေပဲ စုနေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်က စရိုက်ချင်း မတူပေမယ့် အဝေးက လာအလုပ်လုပ်နေရသူ အချင်းချင်း ဆိုတော့ ရိုင်းပင်းကူညီကြပါတယ်" ဟု ဦးလှအောင်က ပြောကြားသည်။
ကြယ်ဂေါင်မြို့တွင်းမှ သန့်ရှင်းရေး လုပ်သားများမှာမူ နန်းတော်ဂိတ်နှင့် နီးကပ်သော မူဆယ်ဘက်ခြမ်းရှိ တိုက်ခန်းများတွင် လေးယောက် စုပေါင်းနေကြသည်။
အခန်းတစ်ခန်းလျှင် တစ်လကျပ် ရှစ်သောင်းကျပ်ပေးကာ နေထိုင်ကြကြောင်း အဆိုပါ လုပ်သားများကဆိုသည်။
ရွှေလီမြို့ ညနေခင်း အလုပ်များဆင်းချိန် ညနေ ၅ နာရီကျော်တွင် မြန်မာ လုပ်သားများ သုံးယောက်တစ်ဖွဲ့၊ လေးယောက်တစ်ဖွဲ့ဖြင့် နန်းတော်ဂိတ်ဘက်သို့ လမ်းလျှောက် သွားနေကြသည်။ တရုတ် နယ်စပ်မြို့တွင် တရားဝင် နေထိုင်ခွင့်ရရေး အတွက် တစ်ပတ်သက်တမ်းတိုးရန် သွားနေကြသော မရိုးနိုင်သည့် အဆိုပါ မြင်ကွင်းများနှင့် ရွှေလီမြို့ ညနေခင်းများ တွင် အဆိုပါ ရခိုင်အမျိုးသမီး မှာလည်း ယင်းမြို့တွင် အလုပ်လုပ်နေသရွေ့ ၄င်း၏ စာအုပ်သက်တမ်း တိုးရန် ၄င်း၏ သူငယ်ချင်းများနှင့် သွားနေရဦးမည်လား။ ဝန်ကြီးဌာနက ယင်းကိစ္စရပ်ကို ဖြေရှင်းပေးရန် ၄င်းတို့ မျှော်လင့်နေကြသည်။
(နေလင်း)
The Voice Weekly