Home » » အလှူရှင်နည်းပြီး ကျောင်းပိုင်မရှိလို့ သီလရှင်အချို့  အခက်တွေ့ 

အလှူရှင်နည်းပြီး ကျောင်းပိုင်မရှိလို့ သီလရှင်အချို့  အခက်တွေ့ 

Written By Unknown on Wednesday, August 7, 2013 | 4:56 PM

ရန်ကုန်၊ ဩဂုတ် ၂ - 'ဒကာမကြီး နေ့ခင်း ၁၁းဝ၀ နာရီထိုးတော့မှာမို့လို့ ဆရာလေး တို့ ဆွမ်းနဲ့ ဒီအိမ်မှာ ပန်းကန်လေးတွေငှား ပြီး ဆွမ်းစားလို့ရနိုင်မလား' ဆိုပြီး မိုးဖွဲလေးတွေထဲမှာ ဆရာလေး လေးပါး ထီး နှစ်ချောင်းကို မျှဆောင်းရင်း အိမ်ရှင်ဆီမှာ ဆွမ်းစားဖို့ ခွင့်တောင်းနေပါတယ်။

သီလရှင်ဆရာလေးတွေဟာ တော ဖိတ်၊ မြို့ဖိတ်လို့ခေါ်တဲ့  ဆန်ခံထွက်တဲ့နှစ် ရက်မှာ ကျောင်းကထည့်ပေးလိုက်တဲ့ နေ့ ဆွမ်း (ထမင်းထုပ်)လေးတွေကို နေ့လယ် ခင်း ဆွမ်းစားဖို့ သင့်တော်မယ့် ရင်းနှီးတဲ့ ဒကာဒကာမတွေ အိမ်ကိုရှာရပါတယ်။ ခွင့် ပြုတဲ့ အိမ်မှာ ဆွမ်းစားပြီးရင်တော့ ဆရာ လေး လေးပါးဟာ ခဏတစ်ဖြုတ် အနား ယူပြီး နေ့လယ်တစ်ချက်တီးကနေ ညနေ စောင်း ၅းဝ၀ နာရီအထိ ဆန်ခံထွက်ဖို့ အခြားရပ်ကွက်တွေဆီ ဆက်လက်ထွက် ခွာသွားပါတယ်။

အလှူရှင်နည်းပြီး ဆင်းရဲတဲ့ကျောင်း တိုက်တချို့မှာ သီတင်းသုံးရတဲ့ သီလရှင် ဆရာလေးတွေအနေနဲ့ မပြည့်စုံပေမဲ့ လည်း ငယ် စဉ်ကလေးဘဝကတည်းက အကြောင်းအမျိုးမျိုးကြောင့် သီလရှင်ဘဝ ကို ရောက်ရှိနေတာကြောင့် သာသနာ့ ဘောင်ထဲမှာ ပျော်မွေ့တဲ့ အရိပ်အယောင် တွေလည်း တွေ့ရတယ်။

ဒကာ ဒကာမတွေဆီက ဆွမ်းခံရလာ တဲ့ ဆန်၊ ကြက်သွန်၊ အာလူး၊ ကော်ဖီ၊ အ အေးရယ်ဒီမိတ်ထုပ်နဲ့ ဝတ္ထုငွေတွေကို နေ ထိုင်တဲ့ကျောင်းက ကျောင်းထိုင်သီလရှင် ဆရာကြီးတွေထံ ပြန်လည်လှူဒါန်းရပါ တယ်။ တချို့ မယ်သီလရှင် ကျောင်းတိုက် တွေဆိုရင် ပြင်ပက လှူဒါန်းလိုက်တဲ့ ဝတ္ထု ငွေပစ္စည်းတွေကို ကျောင်းမှာ သီတင်းသုံး နေထိုင်ခအတွက် အခကြေးငွေသဘော အဖြစ်ကျောင်းထိုင်ဆရာကြီးကိုအပ်ရတာ မျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

'ဆရာလေးတို့က ကျောင်းပိုင်မရှိဘူး၊ ဒီလကုန်ရင် ဆရာလေးတို့ သီတင်းသုံး မယ့် ကျောင်းတိုက်အသစ်ကို ရှာရဦးမယ် ဒကာမကြီးရယ်' လို့ ဆွမ်းဖိတ်ကျွေးတဲ့ ဒကာမကြီးကို သန်လျင်ဘက်က ဆန်ခံကြွလာတဲ့ ဆရာလေးသုံးပါးက ညှိုးငယ်တဲ့ မျက်နှာထားနဲ့ ပြောပြနေပါတယ်။

အချို့မြို့စွန်ဘက်တွေမှာ သီတင်းသုံး နေရတဲ့ မယ်သီလရှင်အချို့ သူတို့ကိုလက် ခံထားတဲ့ သီလရှင်ကျောင်းတိုက်တွေက ဘုန်းကြီးကျောင်းတွေလို အလှူရှင် ဒကာ ဒကာမတွေ မပေါများတာကြောင့် ဆွမ်း စရိတ် မလောက်ငတဲ့ အခက်အခဲ၊ နေစရာ အခက်အခဲတွေနဲ့ ယနေ့ထက်တိုင် ကြုံနေ ကြရတယ်။ ဆွမ်းပဒေသာပင်မရှိတဲ့ အဲ သည်လို ကျောင်းတိုက်တွေမှာ ဆွမ်းဆန် အပြင် ဟင်းရံဝယ်ဖို့  အခက်အခဲတွေပါရှိ လို့ ဟင်း သီးဟင်းရွက်တွေကို မြေပိုလေး တွေမှာ စိုက်ပျိုးပြီး စားရတာကိုလည်း ရွှေပြည်သာဘက်က ကျောင်းတိုက်အချို့ မှာ တွေ့ ရတယ်။

ညနေခင်းအချိန် အဲသည်ကျောင်း တိုက်တွေ အနီးတစ်ဝိုက်က စိမ်းစိမ်းလန်း လန်း ကန်စွန်းခင်းနဲ့ ချဉ်ပေါင်ခင်းတွေ အလယ်မှာ အရောင်လွင့်နေတဲ့ ပန်းရောင် သင်္ကန်းဝတ်ဆရာလေးအချို့ အာရုံဆွမ်း စီစဉ်ဖို့ ဟင်းရွက်တွေခူးနေတာကို ဖြတ် သွားဖြတ်လာတိုင်း မြင်နိုင်မှာပါ။

အလှူရှင်နည်းပါးတဲ့အတွက် ဆန်ခံ ထွက်ရာမှာလည်း အရောင်လွင့်နေ တဲ့ သင်္ကန်းကို ဆင်မြန်းထားတဲ့ ဆရာလေး အချို့ နဲ့ ဆရာလေးအငယ်တွေဆိုရင် ထီး၊ ဖိနပ်ကအစ ကျောင်းတိုက်က ဝယ်ပေးဖို့ မလုံလောက်လို့ ဖိနပ်အပြတ်ကို သွပ်နန်း ကြိုးနဲ့ ပြန်ချည်စီးရသလို ထီးဆိုရင်လည်း ကိုင်းကျိုးနေလို့ သစ်သားချောင်းနဲ့ ဆက် ပြီး ဆောင်းကြရပါတယ်။

'နယ်ကလာတဲ့ ဆရာလေးတွေဆိုရင် လဲ ကျောင်းရှာရတာ ခက်ခဲတယ်၊ ကျောင်း တိုက်တွေမှာ အသိမရှိရင်၊ ဆွမ်းစရိတ် မတင်နိုင်ရင် ရပ်တည်ဖို့မလွယ်ဘူး' လို့ အ သက် ၂၅ နှစ်ကျော် ငယ်ဖြူဆရာလေး တစ်ပါးက ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်မှ မယ်သီလရှင် စာသင်တိုက်တစ်ခုရဲ့ တိုက်အုပ်ဆရာကြီး တစ်ပါး က 'ကျောင်းတိုက်တွေကို ဆရာ တော်တွေက ပြန်ထောက်ပံ့ထားတာ တောင် အားလုံးမလုံလောက်ပါဘူး၊ ဆရာ လေးတို့ကျောင်းမှာဆို သူငယ်တန်းကနေ ၁၀ တန်းအထိ အငယ်တွေကို ကျောင်း ထားပေးရတယ်၊ အတန်းကြီးတွေဆို ကျူ ရှင်တွေပါ ထားပေးရတယ်၊ သီလရှင်အပါး ၁၀ဝ ကျော်ကို  နေ့စဉ်ဆွမ်းစရိတ်တွေရှိ တယ်' လို့ ရှင်းပြတယ်။

နေ့ဆွမ်းစားဖို့ ခွင့်ပြုလိုက်တဲ့အိမ်မှာ ဆရာလေးတွေဟာ ပါလာတဲ့နေ့ဆွမ်း လေးတွေ ဖြေစားပြီး တစ်နေ့တာ ဘယ်ကို ဆက်သွားရမယ်ဆိုတာကို တိုင်ပင်ရင်း မိုး ရေထဲမှာ ထွက်ခွာသွားပါတော့တယ်။

ကိုရွှေဇင်၊ မေဇွန်သော်သော်

ကုမုဒြာဂျာနယ်