Home » » မန္တလေးအနီး လယ်ဧကရာချီ တရုတ်ဝယ်

မန္တလေးအနီး လယ်ဧကရာချီ တရုတ်ဝယ်

Written By Unknown on Friday, August 2, 2013 | 10:40 PM

မန္တလေး၊ သြဂုတ် ၁

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော်နှင့် အနီးတစ်ဝိုက်ရှိ လယ်ယာမြေ ဧက ရာဂဏန်းခန့်ကို ယခုနှစ်ဆန်းပိုင်းမှ ဇူလိုင်လကုန်အထိ တရုတ်ဝယ်လက်များ ဝယ်ယူလျက်ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက တူညီစွာ ပြောကြားသည်။

တရုတ်နိုင်ငံ၌ လယ် တစ်ဧကလျှင် မြန်မာငွေ ကျပ်သိန်း ၃၀၀ ခန့် ပေါက်ဈေးရှိပြီး မြန်မာနိုင်ငံ၌ တစ်ဧကလျှင် ကျပ် ဆယ်ဂဏန်းဖြင့် ဝယ်ယူရလွယ်သော လယ်ယာမြေ အကွက်များ ရှိခြင်းကြောင့် လာရောက် ဝယ်ယူကြခြင်း ဖြစ်ပြီး မန္တလေးမြို့သည် တရုတ် နယ်စပ်နှင့် ဆက်သွယ် သွားလာရ လွယ်ကူခြင်းကြောင့် အာရုံစိုက်လာကြခြင်း ဖြစ်ကြောင်း ထွန်းသစ္စာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။

အဆိုပါ လယ်ယာမြေများကို တစ်လလျှင် အနည်းဆုံး ၅ ဧကမှ ဧက ၃၀ ခန့်အထိ ဝယ်ယူသူ အနည်းဆုံး နှစ်ဦးခန့်ရှိကြောင်း မန္တလေးမြို့ အခြေစိုက် လုပ်သက်ရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်ချိုက ပြောကြားသည်။

“မြေကွက် အကြီးတွေက တရုတ်တွေ ကြိုက်ကြတာ ပိုများတယ်။ မြန်မာလူမျိုးတွေ ထက်စာရင် တရုတ်တွေက ပိုဝယ်ကြတယ်၊ ပြည်တွင်းနေ တရုတ် လူမျိုးတွေ ပိုဝယ်တယ်” ဟု ဒေါ်ချိုက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း ရန်ကုန်-မန္တလေး လမ်းပေါ်တင် လယ် တစ်ဧက လျှင် ကျပ်သိန်း ၆၀၀ ခန့် ပေါက်ဈေးရှိ လယ်မြေများ၊ အမရပူရမြို့နယ် ထုံးဖို လမ်းခွဲ အဆင်းလမ်း တောပင်ရွာရှိ လယ် တစ်ဧကလျှင် ကျပ်သိန်း ၅၀၀ ခန့်အထိ ပေါက်ဈေးရှိ လယ်မြေများ၊ မန္တလေး ခရိုင် ပုသိမ်ကြီး မြို့နယ် ဂေါက်ကွင်းအနီး လယ် တစ်ဧကလျှင် ကျပ်သိန်း ၂၀၀၀ ခန့်အထိ ပေါက်ဈေးရှိ မြေကွက်များ၊ အမရပူရမြို့နယ် ဆင်ရွာ၊ မြင်းမူကျေးရွာရှိ တစ်ဧကလျှင် လမ်းပေါ်တင် ကျပ်သိန်း ၃၀၀၀ အထိ ပေါက်ဈေးရှိ မြေများ ကြားကွက် တစ်ကွက်လျှင် ကျပ်သိန်း ၅၀၀ ခန့် ပေါက်ဈေးရှိ လယ်မြေများကို တရုတ်ဝယ်လက် အကြိုက်များကြောင်း သြဂုတ်လ ၁ ရက်နေ့ ပေါက်ဈေးအရ မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

“တရုတ်တွေက အခုမှ လယ်ဧကတွေကို ဝယ်ထားတာမျိုး မဟုတ်ဘူး။ အရင်ကတည်းက ဝယ်ထားတာမျိုး ဖြစ်နိုင်တယ်။ လယ်ဧကတွေ ဝယ်လက်များလို့ လိုက်ပြတဲ့ မြေနေရာ တော်တော်များ များမှာ တရုတ်ပိုင်တဲ့ လယ်မြေတွေချည်းပဲ။ အဲဒီလယ်မြေတွေမှာ သူတို့က သရက်၊ မာလကာ၊ သံပရာ၊ ငှက်ပျော စတဲ့ အပင်တွေ စိုက်ထားတာ တွေ့ရတယ်” ဟု ဒေါ်ချိုက ဆိုသည်။

The Voice Weekly