Home » » မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေး လေးစား လိုက်နာမှု သင်တန်း ဗြိတိန်ပေးမည်

မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေး လေးစား လိုက်နာမှု သင်တန်း ဗြိတိန်ပေးမည်

Written By Unknown on Thursday, August 1, 2013 | 10:59 AM

ရန်ကုန်၊ ဇူလိုင် ၃၁

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဗြိတိန် ခရီးစဉ်အတွင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Phillip Hammond နှင့် တွေ့ဆုံရာတွင် သဘော တူညီခဲ့ကြသည့်အတိုင်း မြန်မာ့ တပ်မတော်အတွက် လူ့အခွင့်အရေး လေးစား လိုက်နာမှုဆိုင်ရာ သင်တန်းကို ပေးအပ်သွား မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန် သံရုံးမှ နိုင်ငံရေးဌာန ဒုတိယ အတွင်းဝန် Mr.Joseph Fisher က The Voice သို့ ပြောကြားသည်။

ဗြိတိန်နိုင်ငံက ပေးအပ်မည့် အဆိုပါ လေ့ကျင့်မှုများသည် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် တာဝန်ခံမှု အပြည့်အဝ ရှိပြီး၊ လူ့အခွင့်အရေး လေးစား လိုက်နာမှု ရှိစေရန်အတွက် ရည်ရွယ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းသင်တန်းသည် လက်နက် ခဲယမ်းများနှင့် စစ်ရေး လေ့ကျင့်ပေးမည့် သင်တန်း မဟုတ်ကြောင်း၊ စာသင်ခန်းများတွင် စာတွေ့ သင်ကြား လေ့ကျင့်ပေးမည့် သင်တန်း ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။ အဆိုပါ သင်တန်းများ စတင် ပို့ချမည့် အချိန် အတိအကျကို အတည်ပြုချက် မရသေးသော် လည်း ၂၀၁၃နှစ် ကုန်ပိုင်းနှင့် ၂၀၁၄ ခုနှစ် အစောပိုင်းတို့တွင် စတင်နိုင်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ဇူလိုင်လ ၁၅ ရက်နေ့ တွင် ရောက်ရှိခဲ့စဉ်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၊ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Philip Hammond တို့နှင့် တွေ့ဆုံရာ တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝ တာဝန်ယူနိုင်သော တပ်မတော် ဖြစ်လာစေရန်အတွက် ဗြိတိန် တပ်မတော် က မြန်မာ့ တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု များ၊ လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ကမ်းလှမ်း ပြောကြားခဲ့သည်။

သမ္မတ၏ ခရီးစဉ်အပြီး တစ်ရက် အကြာတွင် ဗြိတိန် အစိုးရက မြန်မာနိုင်ငံ ကို လေယာဉ် ထိန်းချုပ်သည့် ဆော့ဖ်ဝဲများ၊ ကမ်းလွန်ပင်လယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် အသုံးပြုနိုင်သည့် ပစ္စည်း များနှင့် မြေမြှုပ်မိုင်း ရှင်းလင်း ဖော်ထုတ်သည့် ပစ္စည်းများ စသည်ဖြင့် အမေရိကန် ဒေါ်လာ ငါးသန်း တန်ဖိုးရှိ လက်နက် တင်သွင်းခွင့် လိုင်စင် ရှစ်ခုကို ပေးအပ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly