Home » » ကုလကိုယ်စားလှယ် လိုင်ဇာသွားရောက်ရန် ကြိုးစား

ကုလကိုယ်စားလှယ် လိုင်ဇာသွားရောက်ရန် ကြိုးစား

Written By Unknown on Wednesday, August 14, 2013 | 8:46 PM

မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဟာ ကချင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံသလို   ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာကို သွားရောက်ဖို့ ကြိုးစားနေပါတယ်။

ရခိုင်ပြည်နယ်ကို ခရီးစဉ်အပြီးမှာ မစ္စတာကင်တားနားဟာ ဩဂုတ် ၁၃ ရက် နေ့လယ်က ရန်ကုန်မြို့ကို ပြန်လာပြီး လူထုအခြေပြုအဖွဲ့အစည်း အတော်တော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားကို သွားရောက်ခဲ့တာပါ။

မြစ်ကြီးနားမှာရှိတဲ့ ကေအိုင်အေ အလုပ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပြီး လိုင်ဇာကိုသွားဖို့ ကြိုးစားနေတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင်ရသူ ဦးအေးဝင်းက ပြောပါတယ်။ ဘာတွေ ဆွေးနွေးသလဲဆိုတာတော့ ပြောဆိုခွင့်မရှိဘူးလို့ ဆိုပါတယ်။

မစတာကင်တာနားဟာ ဩဂုတ် ၁၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ  လူ့အခွင့်အရေးသမားတွေ၊ ရှေ့နေတွေ၊ ကျောင်းသား၊ အလုပ်သမား ကိုယ်စားလှယ်တွေအပါအ၀င် လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပါတယ်။

ဒီတွေ့ဆုံပွဲမှာ  အသင်းအဖွဲ့တွေကို ချုပ်ကိုင်ဖို့ ကြိုးစားတဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေကြမ်း ကိစ္စကို အဓိကထားဆွေးနွေးခဲ့တယ်လို့ တက်ရောက်ခဲ့သူ ညီမျှခြင်း မြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“သူအနေနဲ့ သွားတဲ့ ဒီခရီးစဉ်တွေထဲမှာ ဘယ်လိုမျိုး အချက်အလက်တွေ ရှာဖွေသလဲဆိုတာ၊ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ပြောပြပါတယ်။ သူ့အနေနဲ့ မနှစ်က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့  ကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေ ရှိပါတယ်။ အဲဒီထုတ်ပြန်ချက်တွေကို လေးစားလား၊ မလေးစားလား၊ ဘာတွေတိုးတက်လာသလဲဆိုတာ ပြန်လည်သုံးသပ်တဲ့နေရာမှာ တချို့နေရာမှာ တိုးတက်မှုမရှိဘဲ၊ တချို့နေရာမှာ ဒီထက်ပိုမိုပြီးတော့ ဆိုးရွာလာတဲ့သဘောမျိုး သူယူဆတယ်နဲ့တူတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့တင်ပြချက်တွေကို မလေးစားတဲ့သဘောမျိုး ရှိနေတာ သူတွေ့တယ်ဆိုတဲ့ဟာမျိုး ဖြစ်တယ်။ နောက်တခုကတော့ သူ့အနေနဲ့ တွေ့ရှိတဲ့ ကိစ္စတွေကို အမှန်တိုင်း စုံစမ်းပြီးတော့ အစိုးရကို ဒါတွေမလုပ်သင့်ဘူး တင်ပြသွားမယ် ဆိုတဲ့အကြောင်းရယ်၊ လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ၂၀၁၄ မတ်လမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သူ့ရဲ့ အစီအရင်ခံစာကို သိအောင် လုပ်ဆောင်သွားမယ်ဆိုတာကို သူအသိပေးသွားပါတယ်။”

ဒါ့အပြင် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်တွေ၊ ဒုက္ခသည်များ ရင်ဆိုင်နေတဲ့  အခက်အခဲတွေ၊ မန္တလေးက လိင်တူချစ်သူများနဲ့ ပတ်သက်ပြီးတော့ ရဲတွေရဲ့ ကိုင်တွယ်မှုတွေကြောင့် ဖြစ်ပွားနေတဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အားနည်းမှုတွေကို ထောက်ပြခဲ့တယ်လို့ သူက ပြောပါတယ်။

ကင်တားနားရဲ့ ခရီးစဉ်အစ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ပြည်နယ်အစိုးရ၊ ဒုက္ခသည်တွေနဲ့ တွေဆုံမေးမြန်းကြည့်ရှုခဲ့သလို ဒေသခံတွေရဲ့ ဆန္ဒပြမှုကိုလည်း ကြုံခဲ့ရပါတယ်။
သူ့ရဲ့ ခရီးစဉ်ဟာ ဩဂုတ် ၁၁ ရက်ကနေ ၂၁ ရက်နေ့ အထိ ၁၁ ရက်ကြာမြင့်မှာ ဖြစ်ပြီး ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်နဲ့ မိတ္တီလာတို့ကို သွားရောက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

by ကို​ထွေး​  (ဒီဗွီဘီ)