Home » » ကေအန်ယူ/ကေအန်အယ်လေ တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်၊ ၃ ဦး သေဆုံး

ကေအန်ယူ/ကေအန်အယ်လေ တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်၊ ၃ ဦး သေဆုံး

Written By Unknown on Wednesday, August 14, 2013 | 8:39 PM

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မနေ့ မနက်ပိုင်းက ကေအန်ယူ/ကေအန်အယ်လေ  ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံးသွားခဲ့ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ် ဘုရင်ကြီးကျေးရွာအနီးမှာ ကေအန်ယူ/ကေအန်အယ်လေ   ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်ခဲ့တဲ့အတွက် ၃ ဦး သေဆုံးသွားတယ်လို့  ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က ပြောပါတယ်။

“မနေ့က မနက် ၈ နာရီကျော်လောက်မှာ မြိုင်ကလေးအပိုင်း ဘုရင်ကြီးရွာနားလေးမှာ  ကေအန်ယူ/ကေအန်အယ်လေ   ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း ၇၀၉ က ဗိုလ်ကြီး အဆင့်ရှိတဲ့ ဘကြမ်းရယ်၊ နောက် တပ်ရင်း ၇၀၈ က ဒုဗိုလ်အဆင့်ရှိတဲ့ လှဝင်းရယ်၊ နောက် မြ၀တီ ရွှေကုက္ကိုလ် ဆေးရုံမှာ အလုပ်လုပ်နေတဲ့ စောကျော်နေထူးရယ်၊ ယာဉ်မောင်း ထွန်းမြင့်ဆိုသူရယ်၊ ကော့ကရိတ် ထိုးကော့ကိုမှာ လုပ်တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနားတက်ပြီး ၁၃ ရက်နေ့ မနက် ကော့ကရိတ်ကနေ ဘားအံကို ရောက်၊ ဘားအံကနေတဆင့် ငြိမ်းချမ်းရေးအဖွဲ့ ဆက်ဆံရေးရုံးမှာ သူတို့ စာထုတ်ပြီးတော့ သံလွင်တံတားဘက်ကနေ ၀ါးဖိုးတောဘက်ကို ခဏ၀င်တာ။ ၀င်ရင်းနဲ့ အမူးလွန်တယ်ထင်တယ်။ လမ်းတလျှောက်လုံးမှာ ဘီယာတွေ အလွန်အကျွံသောက်တယ်၊ ကားပေါ်မှာ ဘီယာတွေရှိတယ်၊ စောကျော်နေထူးက ဘာထဖောက်လဲ မသိဘူး။ ရှေ့မှာရှိတဲ့ ဗိုလ်ကြီးဘကြမ်းနဲ့ ယာဉ်မောင်းထွန်းမြင့်ကို ပစ်တယ်၊ သူ့ကိုယ်သူလည်း ကားပေါ်ကဆင်းပြီးတော့ နားထင်ကို ပစ်စတိုနဲ့ ပြန်ပစ်တယ်၊ ဒုဗိုလ်လှဝင်းကတော့ ရှင်တယ်၊ သူ့ကို ဘာမှ မလုပ်သေးဘူး။”

အသက်ရှင်ကျန်ခဲ့တဲ့ ဒု-ဗိုလ်လှဝင်းကို ဘားအံမြို့နယ် ရဲစခန်းကနေ မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာမိသားစုတွေက ဒီကနေ့ ဘားအံဆေးရုံမှာ လာယူသွားတယ်လို့ ရဲမှူးကြီး စိန်လွင်က ပြောပါတယ်။

အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ဘားအံခရိုင်ရဲတပ်ဖွဲ့ဝင်က အမှုဖွင့်စစ်ဆေးနေပြီး ပစ်တဲ့သူ ကိုယ်တိုင် သေဆုံးသွားတဲ့အတွက် အမှုပြန်ပိတ်ရမယ့် အနေအထားဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအန်ယူ/ကေအန်အယ်လေ ငြိမ်းချမ်းရေး ကောင်စီ  ပြောခွင့်ရသူ ဒေါက်တာ သီမိုသီကို ဆက်သွယ်မေးမြန်းရာမှာ အခင်းဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း၊ သေဆုံးသူတွေဟာ သူတို့ တပ်ဖွဲ့ဝင်ဖြစ်ကြောင်းနဲ့ ဘာကြောင့် ပစ်ခတ်ကြလဲဆိုတောကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်ကတော့ ကရင်ပြည်နယ်အတွင်း အခုလို အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး လက်နက်ကို စည်းမဲ့ကမ်းမဲ့ ကိုင်ဆောင်တာမျိုးမလုပ်ဖို့ သတိပေး ပြောဆိုသွားပါတယ်။

by နော်နိုရင်း (ဒီဗွီဘီ)