Home » » တနင်္သာရီတိုင်း မူးယစ်ဆေး ဖမ်းဆီးရရှိမှု မြိတ်အများဆုံး

တနင်္သာရီတိုင်း မူးယစ်ဆေး ဖမ်းဆီးရရှိမှု မြိတ်အများဆုံး

Written By Unknown on Sunday, August 18, 2013 | 1:42 PM

ထားဝယ်၊ သြဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခုနှစ်ဝက်ကျော်ကာလအထိ မူးယစ်ဆေး အမှုပေါင်း ၈၃မှု ဖမ်းဆီးရမိပြီး မြိတ်မြို့မှာ အများဆုံး ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ထားဝယ်မြို့တွင်သုံးမှု၊ မြိတ်မြို့တွင် ၄၉ မှုနှင့် ကော့သောင်းမြို့တွင် ၃၁ မှု ဖမ်းဆီးရမိထားသည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးအများစုမှာ WY ဆေးပြားများ၊ ဘိန်းစာရွက်များဖြစ်ပြီး မြိတ်မြို့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေး၏ သုံးပုံနှစ်ပုံမှာ ဘိန်းစာရွက်များ ဖြစ်သည်ဟု ယင်းမှတ်တမ်းက ဆိုသည်။

သြဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မြိတ်မြို့တွင် ခုနစ်မှု၊ ကော့သောင်းမြို့တွင် နှစ်မှု ဖမ်းဆီးရမိခဲ့ပြီး ထားဝယ်မြို့တွင် ဖမ်းဆီးရမိခြင်း မရှိခဲ့ဟု ယင်းမှတ်တမ်းအရ သိရသည်။

“ပြည်သူတွေ ပါဝင်အောင် စည်းရုံးတဲ့ အနေအထားနဲ့ သွားနေတယ်။ ပြည်သူ ပူးပေါင်းရင် အမြစ်ပြတ်သွားနိုင်တယ်” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကြည်လင်းက သုံးသပ်ပြောဆိုသည်။

ယခုနှစ်အတွင်းတွင် ပြည်သူများ တိုင်ကြားမှုကြောင့် ဖမ်းဆီးရမိသည့် အမှုလေးခုရှိပြီး ရုပ်သံလှိုင်းများတွင်လည်း HOT LINE မှ တိုင်ကြားနိုင်သော နေရာများ ဖော်ပြထားကြောင်း ရဲမှူးကြီးထံမှ သိရသည်။

၂၀၁၂ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးမှု ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်။

The Voice Weekly