Home » » အော်ရီဒူးသို့ အွန်လိုင်းမှတစ်ဆင့် အလုပ်စတင်လျှောက်နိုင်

အော်ရီဒူးသို့ အွန်လိုင်းမှတစ်ဆင့် အလုပ်စတင်လျှောက်နိုင်

Written By Unknown on Sunday, August 18, 2013 | 1:35 PM

ရန်ကုန်၊ သြဂုတ် ၁၇

ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးတွင် အလုပ်ဝင်ရောက် လုပ်ကိုင်ရန် စိတ်ပါဝင်စားသူများအနေနှင့် အွန်လိုင်းမှတစ်ဆင့် စတင်လျှောက်ထားနိုင်ကြောင်း အဆိုပါကုမ္ပဏီမှ အကြီးတန်း ကိုယ်စားလှယ် Ross Cormack က ပြောကြားသည်။

ထို့အပြင် လာမည့် နှစ်အနည်းငယ်အတွင်း ဝန်ထမ်းထောင်နှင့်ချီ၍ ခန့်အပ်သွားမည်ဖြစ်ပြီး စနစ်တကျ လေ့ကျင့် သင်ကြားမှုများ ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ကိုင်လိုတဲ့ သူတွေကို ဖိတ်ခေါ်ပါတယ်။ အွန်လိုင်းကနေ CV ပို့ထားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားသူများသည် myanmarcareers@ooredoo.com သို့ E-mail ပေးပို့ ထားနိုင်ကြောင်း အော်ရီဒူး ကုမ္ပဏီထံမှ သိရသည်။

အော်ရီဒူး ကုမ္ပဏီအနေဖြင့် ပြည်တွင်းမှ ဝန်ထမ်း ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ်သွားမည်ဖြစ်ပြီး လိုင်စင်ရရှိပြီး ခြောက်လအကြာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်မည် ဖြစ်သောကြောင့် ဝန်ထမ်း ခေါ်ယူမှုများ မကြာမီစတင်သွားမည်ဟု အဆိုပါကုမ္ပဏီထံမှ သိရသည်။

Ooredoo Myanmar ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရန် စီမံခန့်ခွဲမှု၊ HR၊ အုပ်ချုပ်မှု၊ စားသုံးသူဝန်ဆောင်မှု၊ စာရင်းအင်းနှင့် ငွေကြေး၊ Network၊ IT၊ ဈေးကွက်ချဲ့ထွင်ရေး၊ အရောင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ရာထူးများအတွက် အလုပ်လျှောက်ထားနိုင်ကြောင်း အော်ရီဒူး မြန်မာ၏ Linked In အင်တာနက်စာမျက်နှာတွင် ဖော်ပြကြေညာထားသည်။

ကာတာနိုင်ငံ အခြေစိုက် အော်ရီဒူး ကုမ္ပဏီသည် စင်ကာပူ၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင် အစရှိသော အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အသုံးပြုသူ ၉၃ သန်းကျော်ကို ဝန်ထမ်းပေါင်း ၁၇,၀၀၀ ကျော်ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနေသည်။

ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ထားသော အခြားဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီကလည်း ယခုလမှ စတင်၍ ဝန်ထမ်း ခေါ်ယူနေပြီး ဝန်ထမ်းအရေအတွက် သုံးထောင်ခန့် ခေါ်ယူသွားမည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။

The Voice Weekly