Home » » တရားဝင်လိုင်စင်ဖြင့် မလုပ်ကိုင်သည့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို သတိပေး

တရားဝင်လိုင်စင်ဖြင့် မလုပ်ကိုင်သည့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို သတိပေး

Written By Unknown on Monday, August 12, 2013 | 2:13 PM

မန္တလေး၊ သြဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်ရှိ တရားဝင် လိုင်စင် လေးမျိုးဖြင့် မလုပ်ကိုင်သည့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို တရားဝင် လုပ်ဆောင်ကြရန် သြဂုတ်လ ဒုတိယပတ် အတွင်းမှ စတင်၍ သတိပေးမှုများ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ လိုင်စင် လေးမျိုးသည် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင်၊ ခရီးသွား ကုမ္ပဏီ လိုင်စင်၊ ဧည့်လမ်းညွှန် လိုင်စင်၊ ပို့ဆောင်ရေး မော်တော်ယာဉ် လိုင်စင်တို့ ဖြစ်ပြီး အဆိုပါ လိုင်စင်များ မရှိဘဲ တရားမဝင် လုပ်ငန်း လုပ်ဆောင်သူများ ရှိနေကြောင်း၊ အဆိုပါ လုပ်ငန်းများ လုပ်ဆောင်ပါက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်၍မရဘဲ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ခွင့် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“တရားမဝင် လုပ်နေတယ် ဆိုတာက ဟိုတယ် ဆိုရင်လည်း လိုင်စင် မကျသေးဘဲ အခြား ထောက်ခံချက်တွေနဲ့ ဖွင့်နေတာမျိုးတွေကို သတိပေး တာပါ။ ဖမ်းဆီး အရေးယူဖို့က ရဲတွေ လုပ်မှ ရတာပါ၊ ကျွန်တော်တို့က ဖမ်းလို့ မရပါဘူး၊ သတိပေးတာတွေ လုပ်နေပါတယ်။ တကယ်လို့ လုပ်ငန်းစဉ်တွေ နားမလည်ရင် ရုံးကို လာပြီး မေးမြန်း စုံစမ်းလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တော်၌ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန လက်အောက် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ တည်းခိုနိုင်သည့် ဟိုတယ် ၈၃ လုံး ရှိပြီး မြို့တော် စည်ပင်သာယာရေး ကော်မတီ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော တည်းခိုရိပ်သာ ၁၄၂ ခု ရှိကြောင်း အဆိုပါ တာဝန် ရှိသူက ထပ်မံ ပြောကြားသည်။

“တရားမဝင် ဖွင့်တဲ့ ဟိုတယ် မှန်ရင် အရေးယူရမှာပါ၊ ဒီလိုတွေ မဖြစ်အောင် ကြို အသိပေးတာတွေ ရှိပါတယ်။ တချို့က စည်ပင် ခွင့်ပြုချက်နဲ့ ဖွင့်တဲ့ တည်းခိုရိပ်သာတွေကို နိုင်ငံခြားသား တည်းလို့ ရတယ်ထင်ပြီး တည်းခိုခွင့် ပြုထားတာတွေ ရှိတယ်။ ဒါသူတို့ နားမလည်လို့ လုပ်တာတွေပေါ့” ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) မှ အဖွဲ့ဝင် ဦးမျိုးသက်ဝင်းက ဆိုသည်။

၁၉၉၁ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ဟိုတယ် လုပ်ငန်းနှင့် တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင်ဆိုင်ရာ အမိန့်အရ ဟိုတယ် တစ်ခုတွင် အနည်းဆုံး အခန်း လေးခန်း ရှိရမည် ဖြစ်သော်လည်း ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သော ဟိုတယ် လုပ်ငန်းနှင့် တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင်ဆိုင်ရာ အမိန့်အရ တည်းခိုရိပ်သာ အဆင့်သည် အနည်းဆုံး အခန်း ၁၀ ခန်း ပါရှိရမည်ဖြစ်ကာ ဟိုတယ် အဆင့်သည် အနည်းဆုံး အခန်း ၂၀ ခန့် ပါရှိရမည် ဖြစ်ပြီး လက်ရှိ မန္တလေးမြို့တော်၌ ယင်းအမိန့်ဖြင့် ဟိုတယ် ချထားခွင့် ပြုလျက်ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

“နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ ခုဆို မန္တလေးမြို့ တောင်ဘက်ခြမ်း မှာ ဆိုင်ကယ် မောင်းတာတွေ၊ ဆိုင်ကယ်နောက်က လိုက်စီးတာတွေ ရှိနေတယ်။ စစ်ကိုင်းဘက်မှာ ဆိုလည်း အတက်လမ်းနဲ့ အဆင်းလမ်းကို သူတို့ မသိဘူး။ လမ်းမှားပြီး ဆိုင်ကယ်တွေနဲ့ တက်ကြ၊ ဆင်းကြ တာတွေ တွေ့ရတယ်” ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း(မန္တလေး ဇုန်) မှ ပြန်ကြားရေး တာဝန်ခံ ဦးချစ်စမ်းဦးက ဆိုသည်။

The Voice Weekly