Home » » တားမြစ်ဆေးကို စအိုထဲထည့်၍ ထောင်တွင်းသို့သယ်ဆောင်ရန် ကြံစည်ပြန်

တားမြစ်ဆေးကို စအိုထဲထည့်၍ ထောင်တွင်းသို့သယ်ဆောင်ရန် ကြံစည်ပြန်

Written By Unknown on Monday, August 12, 2013 | 2:04 PM

တားမြစ်ဆေးများကို စအိုတွင်းထည့်၍ ထောင်ထဲသို့သယ်ဆောင်ရန် ကြံစည်သူနှစ်ဦးကို အင်းစိန်မြို့နယ်တရားရုံးက သြဂုတ် ၉ ရက်တွင် အရေးယူဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

တရားရင်ဆိုင်ဆဲကာလတွင် အင်းစိန်ထောင်တွင် အချုပ်ကျခံနေရသောသူများသည် တရားရုံး၌ အမှု...ရင်ဆိုင်ပြီး အပြန်တွင် ထောင်တွင်း၌တားမြစ်ထားသည့် ဆေးများဖြစ်သော သခွားစေ့ခေါ် ချောင်းဆိုးပျောက် ဆေးများကို စအိုတွင်ထည့် သယ်လာသည်ကို ထောင်အရာရှိများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဆေးပြားများကို စအိုတွင်ထည့်သယ်သည်ဟု ထောင်စည်းကမ်းထိန်းသိမ်းရေးရုံးမှ အရာရှိများ၏ စွပ်စွဲခြင်း ခံရသူများမှာ ကိုတင်စိုးနှင့် ကိုဇော်ဇော်အောင်(ခ)ကိုဗီလားဆိုသူတို့နှစ်ဦးဖြစ်သည်ဟု ရဲစခန်းက အတည်ပြုထားသည်။

ထောင်အရာရှိများ၏ ရဲကိုထွက်ဆိုချက်များအရ သူတို့နှစ်ဦးသည် ဆေးပြား ၅၃၉ ပြားကို တစ်ဦးလျှင် အထုတ်ငယ် သုံးထုတ်စီခွဲကာ စအိုတွင်းထည့် သယ်လာခြင်းဖြစ်သည်ဟု သိရသည်။

ယခုအမှုကို အင်းစိန်အကျဉ်းထောင်မှ ဒုကြီးကြပ်ရေးမှူးလှမိုးက တရားလိုပြုလုပ်၍ မြို့နယ်ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်းကလည်း တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားသူကြီးက ရာကြီးအမှတ် ၉၁၇/ ၂၀၁၃ ဖြင့် ဒုမြို့နယ် တရားသူကြီး ဦးရဲကိုကိုက လက်ခံစစ်ဆေးနေပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင် ၂၉ ရက်ကလည်း တရားရုံးတွင် အမှုရင်ဆိုင်နေပြီး အင်းစိန်ထောင်တွင် အချုပ်ကျနေသူတစ်ဦးက
ထောင်တွင် တားမြစ်ထားသော ထိုချောင်းဆိုးပျောက်ဆေး ၄၀၀ ပြားကို စအိုအတွင်းဝှက်၍ ထောင်ထဲသို့ သယ်ဆောင်ရန် ကြိုးပမ်းစဉ် စစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိပြီး အရေးယူခဲ့သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese