Home » » လယ်သိမ်းဆည်းခံရမှုအတွက် ၆၆၅ မိုင်ကွာ လိုင်ဇာသို့ လမ်းလျှောက်မည်

လယ်သိမ်းဆည်းခံရမှုအတွက် ၆၆၅ မိုင်ကွာ လိုင်ဇာသို့ လမ်းလျှောက်မည်

Written By Unknown on Thursday, August 8, 2013 | 6:09 PM

တောင်ငူ၊ သြဂုတ် ၆

တောင်ငူခရိုင်အတွင်းရှိ အသိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ သံဃာတော်တစ်ပါး အပါအဝင် လယ်အကျိုးဆောင်တစ်ဦးနှင့် တောင်သူ ၁၄ ဦး စုစုပေါင်း ၁၆ ဦးတို့က သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ငူမြို့နှင့် မိုင်ပေါင်း ၆၆၅ မိုင်ကျော် ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း လယ်သမား အကျိုးဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

ပထဝီမြေပုံအရ တောင်မြောက် ရှည်လျားစွာ တည်ရှိသည့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် တောင်သူလယ်သမားများကို ရည်စူး၍ တောင်ငူမြို့မှ လိုင်ဇာမြို့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း တောင်သူ လယ်သမား အကျိုးတော်ဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

တောင်ငူခရိုင် တောင်ငူမြို့နှင့် အုတ်တွင်းမြို့တို့တွင် ၁၉၉၂ ခုနှစ်မှစ၍ အမှတ် ၇၀၁၃ သံချပ်ကာတပ်ရင်း၊ အမှတ် ၉၀၃ အမြောက်တပ်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများက သိမ်းယူကာ သီးစားခ ရယူပြီး နီးစပ်သူများကို လုပ်ကိုင်ခွင့် ချထားပေးခဲ့သည့် လယ်ယာမြေဧက ၃၅၀ ခန့်ကို မူလတောင်သူများက ပြန်လည် ရရှိလိုခြင်းကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် တာဝန်ရှိသူများ သိရှိစေရန် လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ လယ်ဧက ၁၃ ဧကခန့် သိမ်းဆည်းခံခဲ့ရသူ တောင်သူဦးပွေးက ပြောကြားသည်။

အဆိုပါ လမ်းလျှောက်မှုကို တောင်ငူမြို့ ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ အကြာ အရောက်သွားမည် ဖြစ်ကြောင်း၊ လမ်းလျှောက် ချီတက်မည့် အစီအစဉ်ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုတို့ အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ်များထံသို့ သြဂုတ်လ ၅ ရက်နေ့တွင် အသိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း အဆိုပါလမ်းလျှောက် ချီတက်မည့် အဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။

တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လိုင်ဇာသို့ လမ်းလျှောက်မည့် တောင်သူလယ်သမား ၁၄ ဦး၊ သံဃာတော်တစ်ပါးနှင့် အကျိုးဆောင်တစ်ဦးကို သြဂုတ်လ ၁၃ ရက်နေ့တွင် တရားဝင် ချီတက်လမ်းလျှောက် ခွင့်ပြုခဲ့ကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့၌ ပြည်သူ့လွှတ်တော်တွင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က တပ်မတော် တပ်ရင်းတပ်ဖွဲ့များက အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့ရသော လယ်မြေများကို ပြန်လည် ပေးအပ်မည်ဟု ပြောကြားထားသော်လည်း တောင်သူများ ပြန်ရရှိသည်မှာ ပုဒ်မ ၄၇၇ သာ ဖြစ်ကြောင်း အမှတ် ၇၀၁၃ သံချပ်ကာ တပ်ရင်းမှ နယ်မြေကျော်နင်းမှုဖြင့် ဇွန်လ ၂၁ ရက်နေ့တွင် အမှုဖွင့်ခံထားရသူ လယ်ယာမြေ အကျိုးဆောင် ဦးခင်ဇော်က ပြောကြားသည်။

“ဦးပဉ္စင်းက တောမှာနေတော့ တောင်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကိုယ်တိုင်သိမြင်နေရတာကြောင့် သူတို့ ဖြစ်အင်တွေကို မကြည်ရက်လို့ တောင်သူတွေနဲ့အတူ ကိုယ်တိုင် လိုက်ပါလမ်းလျှောက်မှာပါ” ဟု တောင်ငူမြို့နယ် ဝဲဒေါင့်ကျေးရွာ ဘုရားကုန်းတိုက်ကျောင်းမှ အရှင်တိလောက က မိန့်ကြားသည်။

၁၉၉၂ ခုနှစ်တွင် သံချပ်ကာတပ်ရင်း အမှတ် ၇၀၁၃ က ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ဖြင့် လယ်မြေဧက ၆၀၀ နီးပါးကို သိမ်းယူခဲ့ပြီး ပိုလျှံလယ်မြေဧက ၃၀၀ ခန့်ကို ပြန်လည် ရရှိနိုင်ရန်အတွက် ဇွန်လ ၁၉ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဒေသခံတောင်သူ ၁၀ ဦးနှင့် တောင်သူလယ်သမား အကျိုးဆောင်တစ်ဦးကို တပ်ရင်း တာဝန်ရှိသူများက ပုဒ်မ ၄၇၇ ဖြင့် တရားစွဲဆိုထားရကြောင်း လယ်မြေဧက ၁၃ ဧက သိမ်းဆည်းခံခဲ့ရပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသူ မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ တောင်သူဦးပွေးက ပြောကြားသည်။

“ပါတီအနေနဲ့ ဘာတွေကူညီပေးနိုင်မလဲဆိုတာ လေ့လာပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ ပေးသွားမှာပါ” ဟု တောင်ငူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလုပ်သမား၊ လယ်သမားရေးရာ ကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ရန်ကုန်နှင့် မုံရွာမြို့တို့မှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ အဖွဲ့နှစ်ခုမှ ရန်ကုန်နှင့် မုံရွာမြို့များမှတစ်ဆင့် ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြသည်။

ယခုချီတက် လမ်းလျှောက်မှု ပြီးစီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု တို့မှ လယ်အသိမ်းခံရသည့် တောင်သူများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအထိ ချီတက်လမ်းလျှောက်ရန် ရည်မှန်းထားကြောင်း တောင်သူလယ်သမား အကျိုးတော်ဆောင် ဦးခင်ဇော်က ပြောကြားသည်။

The Voice Weekly