Home » » ကျောင်းသားတပ်မတော်နှင့် အစိုးရ သဘောတူညီချက် ၄ ချက် လက်မှတ်ထိုး

ကျောင်းသားတပ်မတော်နှင့် အစိုးရ သဘောတူညီချက် ၄ ချက် လက်မှတ်ထိုး

Written By Unknown on Monday, August 5, 2013 | 3:37 PM

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နဲ့  ပြည်တောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ အပစ်အခတ်ရပ်စဲရေးအပါအ၀င် အချက် ၄ ချက်ကို သဘောတူညီလက်မှတ်ထိုးလိုက်ပါတယ်။

ဒီနေ့ ရန်ကုန် မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံပြီး အခုလို သဘောတူလက်မှတ်ထိုးလိုက်တာပါ။ အစိုးရငြိမ်းချမ်းရေးကိုယ်စာလှယ်အဖွဲ့နဲ့ အေဘီအက်စ်ဒီအက်ဖ်တို့ ၅ ကြိမ်တိုင်တိုင် အလွတ်သဘော ညှိနှိုင်း ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

သဘောတူလက်မှတ်ထိုးတဲ့ အချက် ၄ ချက်ကတော့ ဒီနေ့ကစပြီး နှစ်ဖက်စလုံး တိုက်ခိုက်မှုတွေ ရပ်ဆိုင်းလိုက်ကြောင်း၊ နှစ်ဖက် ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေ မဖြစ်ဖို့  နှစ်ဖက် ထိန်းသိမ်းစောင့်ရှောက်ဖို့အပါအ၀င် လက်နက်မပါဘဲ သွားလာဖို့ အစိုးရဘက်က သဘောတူ ကြောင်းနဲ့ ဆက်ဆံရေးရုံးတွေကို မြ၀တီမြို့မှာ ဖွင့်လှစ်ဖို့နဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို လာမယ့် ဩဂုတ် ၁၀ ရက်နေ့မှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကိုလည်း ရန်ကုန် မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်မယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးညိုအုန်းမြင့်က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို အေဘီအက်စ်ဒီအက်ဖ်ဥက္ကဋ္ဌ  ရဲဘော်သံခဲ၊ ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းအပါအ၀င် အဖွဲ့ဝင် ၂၄ ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ အဖွဲ့တို့ တက်ရောက်ဆွေးနွေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ  ၂၀၁၃ ခုနှစ် ဩဂုတ် ၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ကရင်ပြည်နယ်မှာ ရေကြီးတဲ့အတွက် ရန်ကုန်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ရွှေ့ပြောင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

by နော်နိုရင်း  (ဒီဗွီဘီ)