Home » » တရုတ်တွင် လစာမရဘဲအလုပ်လုပ်နေရသော မြန်မာ ၃၈ ဦးကို ကယ်တင်

တရုတ်တွင် လစာမရဘဲအလုပ်လုပ်နေရသော မြန်မာ ၃၈ ဦးကို ကယ်တင်

Written By Unknown on Thursday, August 22, 2013 | 8:41 PM

ရန်ကုန်- တပ်မမှူးတစ်ဦးနှင့် လွှတ်တော်အမတ်နှစ်ဦး အကူအညီဖြင့် တရုတ်နိုင်ငံတွင် လုပ်ခလစာမရရှိဘဲ အလုပ်လုပ်နေရသော မြန်မာနိုင်ငံသား ၃၈ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးလှမြင့်စိုး၊ ဟိုပန်ပြည်သူ့ လွှတ်တော်အ မတ်နဲ့ တာချီလိတ်မြို့နယ်၊ အမျိုးသားလွှတ်တော်အမတ်တို့က အဓိက ကူညီတာ။ တပ်မမှူးက နိုင်ငံခြားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သူ့ သူငယ်ချင်းတွေဆီကိုစာရေးပေးတာ”ဟု တရုတ်နိုင်ငံတွင် လုပ်ခ လစာမရရှိသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ဆောင်ရွက်ပေးခဲ့သည့် လားဟူတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယောနက ပြောသည်။

ရှမ်းပြည်နယ်၊ သိန်းနီမြို့မှ လားဟူတိုင်းရင်းသား ၁၈ ဦး၊ ရှမ်းတိုင်းရင်းသား သုံးဦး၊ ၀လူမျိုးသုံးဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၄ ဦးတို့မှာ တရုတ်နိုင်ငံ၊ ရှန်တုန်မြို့ နယ်၊ ချင်းတော့မြို့ရှိ ပလတ်စတစ်စက်ရုံတွင် ခြောက် လကျော်ကြာ လခမရဘဲ အလုပ်လုပ်နေကြရပြီး မိဘဆွေမျိုးများနှင့် အဆက်အသွယ်မရ၍ အထက်ပါပုဂ္ဂိုလ်များကိုပြောပြရာမှ ကူညီခဲ့ကြခြင်းဖြစ်သည်။

“ဒီတစ်ခေါက် တရုတ်ကပြန်ပို့တဲ့လုပ်သားတွေက အရင်တုန်းကလူတွေ ထက်ထူးတယ်။ လုပ်ခ လစာတွေအပြည့်အ၀ပေးတာ တွေ့ရတယ်”ဟု မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

အဆိုပါ အလုပ်သမားများအတွက် လုပ်ခလစာအဖြစ် တရုတ်ယွမ်ငွေ လေးသိန်းကျော်(မြန်မာကျပ်ငွေသိန်းခြောက်ရာခန့်) ရရှိခဲ့ကြောင်း အဆိုပါအလုပ်သမားများကို ကူညီသူထဲတွင် ပါဝင်ခဲ့သူ မူဆယ်ဒေသခံ ဦးသောင်းထွန်းက ပြောသည်။ အဆိုပါအလုပ်သမားများကို တရုတ်အစိုးရမှတာဝန်ရှိသူများက သြဂုတ်လ ၁၉ရက်က မူ ဆယ်မြို့၊ နန်းတော်ဂိတ်အထိ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

7Day News Journal