Home » » စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ကို စစ်ဆေးအရေးယူရန် သူရဦးအောင်ကို လွှတ်တော်တင်

စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ကို စစ်ဆေးအရေးယူရန် သူရဦးအောင်ကို လွှတ်တော်တင်

Written By Unknown on Thursday, August 29, 2013 | 11:05 AM

ရန်ကုန်၊ သြဂုတ် ၂၈

ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် အဂတိ လိုက်စားသည်ဟုဆိုကာ လွှတ်တော်သို့ တိုင်ကြားခံထားရသူ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ကို ထိရောက်သော စစ်ဆေး အရေးယူမှု ပြုလုပ်ပေးရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို က ပြည်သူ့လွှတ်တော်သို့ တင်ပြတောင်းဆိုလိုက်သည်။

သြဂုတ်လ ၂၈ ရက်နေ့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ က ဖြောင့်မတ်မှန်ကန်သည့် တရားသူကြီးများ တိုင်းပြည်တာဝန် ရေရှည် ထမ်းဆောင်နိုင်ရန် မေးခွန်းနှင့် စပ်လျဉ်း၍ ၎င်းက ယင်းသို့ တောင်းဆိုခြင်း ဖြစ်သည်။

“စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုတွေက လွှတ်တော်ထဲမှာ တင်ပြဖို့ မသင့်လို့ မတင်ပြပါဘူး။ လူမှုရေးရာ ဖောက်ပြားမှုတွေများ လွန်းအားကြီးပါတယ်” ဟု သူရဦးအောင်ကိုက ဆိုသည်။

အရာတော်မြို့နယ် ဒုတိယတရားသူကြီး၊ ရဟန်းတစ်ပါးနှင့် လူပုဂ္ဂိုလ် ဆယ်ဦးခန့်က ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီထံ စစ်ကိုင်းတိုင်း တရားသူကြီးချုပ်၏ ကိုယ်ကျင့်တရား ပျက်ပြားမှု၊ လာဘ်ပေးလာဘ်ယူမှုစသည့် အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ် ကိုယ်တိုင်ကိုယ်ကျ လာရောက် တိုင်ကြားခဲ့ကြောင်း သူရဦးအောင်ကိုက ထုတ်ဖော်ပြောကြားသည်။

ထပ်မံ၍ ယင်းတရားသူကြီးချုပ်၏ ကိုယ်ကျင့်တရား ပျက်ပြားမှုကို အမျိုးသမီးတစ်ဦးက လွှတ်တော်သို့ လာရောက် တိုင်တန်းကြောင်း၊ အဆိုပါ တိုင်တန်းမှုများအတွက် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီသုံးခုမှ အတွင်းရေးမှူးများ ဦးဆောင်သည့်အဖွဲ့က သြဂုတ်လအတွင်း ကွင်းဆင်း စစ်ဆေးထားမှုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ သီးခြား တင်ပြမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်ရေး အခက်အခဲများကြောင့် မေးမြန်း၍ မရခဲ့ပေ။

အရာတော်မြို့နယ် တရားသူကြီးနှင့် ဒီပဲယင်းမြို့နယ် ဒုတိယ တရားသူကြီးတို့ကို စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်က စစ်ဆေးရာ တရားခွင်၌ ခေါင်းပေါင်းမပေါင်းဘဲ အမှုစစ်ဆေးခြင်း၊ လက်အောက်စာရေးက အမှုသည်ထံမှ ငွေတစ်သောင်း တောင်းခံခြင်းစသည့် ပြစ်ချက်များဖြင့် တာဝန်များမှ ရပ်ဆိုင်းထားကြောင်း ဒေါ်လဲ့လဲ့ဝင်းဆွေက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ကို စုံစမ်းစစ်ဆေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှတ်တော်က အကြောင်းကြားထားသော်လည်း ယနေ့အချိန်ထိ ယင်းဝန်ကြီးဌာနက တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း သူရဦးအောင်ကိုက ဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီသုံးခုမှ အတွင်းရေးမှူးများက စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ကို လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် နီးစပ်သူများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစန်းကို ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေညာစာအမှတ် ၁၈/၂၀၁၁ ဖြင့် ခန့်အပ် တာဝန်ပေးထားခြင်းဖြစ်ပြီး ယခင်တရားရုံးချုပ် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် အကျင့်ပျက် ခြစားမှုများ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းထားသည်။

သြဂုတ်လ တတိယပတ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ကို နိုင်ငံတော်က ပေးအပ်သည့် တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိဟုဆိုကာ ရာထူးမှ ထုတ်ပယ်ခဲ့သည်။

The Voice Weekly