Home » » ဆွမ်းခံကြွ သံဃာ သုံးဘီးဆိုင်ကယ် တိုက်၍ ပျံလွန်

ဆွမ်းခံကြွ သံဃာ သုံးဘီးဆိုင်ကယ် တိုက်၍ ပျံလွန်

Written By Unknown on Wednesday, August 28, 2013 | 5:58 PM

မိတ္ထီလာ၊ သြဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်ကုန်းသာကျေးရွာ ရန်ကုန်-မန္တလေးလမ်း (လမ်းဟောင်း) မိုင်တိုင် အမှတ် ၃၂၄ အနီးတွင် သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်က ဆွမ်းခံကြွလာသော သံဃာ တစ်ပါး သုံးဘီး ဆိုင်ကယ် တိုက်မိ၍ ပျံလွန်သွားကြောင်း ယင်းမြို့ ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်က မိတ္ထီလာမြို့နယ် ကန်တောင် ကျေးရွာနေ ယာဉ်မောင်း မျိုးဆန်း ၁၉ နှစ် မောင်းနှင်သော သုံးဘီး ဆိုင်ကယ် ၂င/၈၉၈၆ သည် ရန်ကုန်-မန္တလေးလမ်း (လမ်းဟောင်း) မိုင်တိုင် အမှတ် ၃၂၄ အနီးတွင် မြောက်မှ တောင်သို့ မောင်းနှင်လာစဉ် မိတ္ထီလာ မြို့နယ် ကန်တောင်ကျေးရွာ ရွှေဘုန်းပွင့် ဘုန်းတော်ကြီး ကျောင်း တွင် သီတင်းသုံးသည့် သံဃာ ဦးဉာဏ (လူအမည် ဦးစံဝင်း)၊ သက်တော် ၇၅၊ ဝါတော် ရှစ်ဝါကို ဝင်တိုက်မိရာ ဦးခေါင်း နောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ ဝဲခြေထောက် ပေါက်ပြဲ ဒဏ်ရာများဖြင့် ပျံလွန်သွားကြောင်း နယ်မြေပိုင် မိတ္ထီလာမြို့ မြို့မ ရဲစခန်းထံမှ သိရသည်။

“ဒီနေ့ မနက်ပိုင်း မိတ္ထီလာဈေးကို ဈေးဝယ်အသွား လမ်းမှာ လူတွေ အုံနေလို့ ဆိုင်ကယ်ရပ်ပြီး ကြည့်လိုက်မိတယ်။ ဘုန်းကြီးကို သုံးဘီးက တိုက်မိတယ်လို့ သိရတယ်။ ဆရာတော်ကိုတော့ စောင်နဲ့ လုံလုံခြုံခြုံ ဖုံးထားတာကို မြင်ခဲ့ ရတယ်” ဟု မိတ္ထီလာမြို့ ကန်တောင်ကျေးရွာ ဒေသခံ ဦးမြစိန်က ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မိတ္ထီလာမြို့ခံ လူထုအကြားတွင် ဆွမ်းခံကြွလာသည့် သံဃာ တစ်ပါးကို အစ္စလာမ် ဘာသာဝင် တစ်ဦးက သုံးဘီး ဆိုင်ကယ်ဖြင့် တိုက်သတ်သည်ဟု ကောလာဟလများ ထွက်ပေါ် ခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ယာဉ်မောင်း မျိုးဆန်းသည် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ဦးသာ ဖြစ်ပြီး ကောလာဟလ သတင်းများ ထွက်ပေါ်လျက်ရှိသည့် အစ္စလာမ် ဘာသာဝင်တစ်ဦး မဟုတ်ဟု သက်ဆိုင်ရာ မြို့မ ရဲစခန်းနှင့် ဒေသခံ မျက်မြင် တွေ့ရှိသူများက အတည်ပြု ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်၍ ယာဉ်မောင်း မျိုးဆန်းကို နယ်မြေပိုင် မြို့မ ရဲစခန်းရှိ ဒုရဲအုပ် ကျော်ဇောဝေ က တရားလို ပြုလုပ်၍ မိတ္ထီလာမြို့ မြို့မ ရဲစခန်းတွင် (ပ)၃၇/၂၀၁၃ ပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly