Home » » ရန်ကုန်မြို့တော် လမ်းပေါင်း ၃၀၀ ခန့် ပြင်ဆင်ပြီးဟုဆို

ရန်ကုန်မြို့တော် လမ်းပေါင်း ၃၀၀ ခန့် ပြင်ဆင်ပြီးဟုဆို

Written By Unknown on Thursday, August 22, 2013 | 4:40 AM

ရန်ကုန်၊ သြဂုတ် ၂၀

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် လမ်းမကြီး၊ လမ်းသွယ်များ အပါအဝင် လမ်းပေါင်း ၃၀၀ ခန့်ကို ယခုနှစ်အတွင်း လမ်းသားချဲ့ထွင်ခြင်း၊ ကွန်ကရစ်နှင့် ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ လမ်းများ အဆင့်မြှင့်ရာတွင် ကျောင်း၊ ဆေးရုံများ တည်ရှိသော လမ်းမများနှင့် ယာဉ်သွားလာမှုတွင် အဓိကကျသော လမ်းမကြီးများကို ဦးစားပေး ပြင်ဆင်လျက်ရှိပြီး ယခုဘဏ္ဍာရေးနှစ် အတွင်း ပြင်ဆင်ရန် လျာထားသောလမ်းပေါင်း ၄၀၀ ကျော်အနက် လမ်းပေါင်း ၃၀၀ခန့်ကို ပြင်ဆင်ပြီးဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

အဓိက လမ်းမကြီးဖြစ်သော ကမ်းနားလမ်း ချဲ့ထွင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ဘုရင့်နောင်လမ်း နှင့် အလုံလမ်းတို့ကိုလည်း ဆက်လက် ပြင်ဆင်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) ထံမှ သိရှိရသည်။

ယခု ဘဏ္ဍာရေးနှစ်အတွင်း ပြင်ဆင်ရန် လျာထားသော လမ်းပေါင်း ၄၀၀ ကျော် လမ်းသားချဲ့ထွင်ခြင်းနှင့် လမ်းပြုပြင် ခြင်းများ ပြီးစီးပါက ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန် နေရာများပြားလာနိုင်ကာ ပြည်သူများကပါ စည်းကမ်းရှိရှိ ယာဉ်ရပ် နားပါက ယာဉ်ကြောပိတ်ဆို့မှုကို ထက်ဝက်ခန့် လျော့ကျစေနိုင်ကြောင်း အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား)ထံမှ သိရ သည်။

"ရပ်ကွက်ထဲက လမ်းတွေကို ကွန်ကရစ် ခင်းတာက လမ်းအကုန်လုံးကို မခင်းတော့ ကျန်တဲ့လမ်းတွေက မိုးရွာရင် အရင်ထက်ပိုပြီးတော့ ရေတင်တယ်" ဟု တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်ပြီး ယာဉ်မောင်းအကူ လုပ်ကိုင်သူ ဦးကျော်ကျော်မင်းက ပြောကြားသည်။

ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်းရှိ ၃၃ မြို့နယ်တွင် ၂၀၁၃/၂၀၁၄ဘဏ္ဍာရေးနှစ် အတွင်း လမ်းသွယ်များအပါအဝင် လမ်းပေါင်း ၄၀၀ ကျော်ကို ငွေကျပ် ၃၁ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

The Voice Weekly