Home » » စည်ပင်အမှိုက်သိမ်းဝန်ထမ်း ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံး

စည်ပင်အမှိုက်သိမ်းဝန်ထမ်း ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံး

Written By Unknown on Friday, August 16, 2013 | 4:37 PM

တောင်ငူ၊ သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကညွှတ်ကွင်းမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၃/၀ အနီးတွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ၂ နာရီ ၄၀ မိနစ်က အသက် ၄၃ နှစ်အရွယ် စည်ပင်သာယာ အမှိုက်သိမ်းဝန်ထမ်း အမျိုးသားတစ်ဦး အမှိုက်သိမ်းဆည်းသည့် ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံးကြောင်း ကညွှတ်ကွင်းမြို့ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ကညွှတ်ကွင်းမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန အမှိုက်သိမ်း ဝန်ထမ်းတစ်ဦး မောင်းနှင်လာသော ထော်လာဂျီယာဉ်သည် ကညွှတ်ကွင်းမြို့အထွက် ညောင်ပင်သာကျေးရွာတွင် အမှိုက်စွန့်ပစ်ပြီး အပြန်တွင် ဝန်ထမ်းများဖြစ်သော ဦးစိုးတင့် ၄၃ နှစ်နှင့် ကိုဖိုးကေ ၂၃ နှစ် နှစ်ဦး အမှိုက်သိမ်းယာဉ်ပေါ်တွင် လိုက်ပါလာပြီး ကညွှတ်ကွင်းမြို့သို့အပြန် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ပြန်လာစဉ် ဦးစိုးတင့်က ယာဉ်ပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရဲစခန်း၏ ကနဦး စစ်ဆေးချက်အရ သိရှိရသည်။

ယာဉ်ပေါ်မှ ပြုတ်ကျသူ အမျိုးသားသည် ရင်ဘတ်ပေါက်ပြဲ ဒဏ်ရာ၊ ညာမျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ နောက်ကျောပွန်းပဲ့ ဒဏ်ရာများဖြင့် ကညွှတ်ကွင်း ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဆေးရုံအရောက် တွင် သေဆုံးခဲ့ကြောင်း ကညွှတ်ကွင်း မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

“ပြုတ်ကျတဲ့နေရာမှာ စကားမေးရသေးတယ်။ ဆေးရုံပို့ပြီး မကြာဘူး၊ ဆုံးသွားတာ။ အဲဒီမနက်ကလည်း အုတ်တွင်းမြို့ အထွက်မှာ မှန်လုံတစ်စင်း မှောက်တယ် ကြားတယ်” ဟု အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိခဲ့သူ မြို့ခံတစ်ဦးက ပြောကြားသည်။

လူပြုတ်ကျ သေဆုံးမှုကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ စည်ပင်ဝန်ထမ်း ဦးကျော်မင်းထိုက်ကို ယာဉ်(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly