Home » » ညမထွက်ရအမိန့် ရုပ်သိမ်းရန် ဒေသခံများ လိုလား

ညမထွက်ရအမိန့် ရုပ်သိမ်းရန် ဒေသခံများ လိုလား

Written By Unknown on Friday, August 2, 2013 | 4:00 PM

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည်လေးမြို့နယ်ကို
နိုင်ငံတော်သမ္မတက ဇူလိုင် ၂၀ ရက်နေ့တွင် အရေးပေါ် အခြေအနေမှ ပြန်လည် ရုပ်သိမ်းပေးခဲ့
သော်လည်း ဒေသခံများအနေဖြင့် ညမထွက်ရအမိန့်ကို အဓိကထား ရုပ်သိမ်းပေးစေလိုသည့် ဆန္ဒ
ရှိကြောင်း ဒေသခံများက မြန်မာတိုင်း(မ်) သို့ ပြောသည်။

"အရေးပေါ်စီမံချက် အက်ဥပဒေကိုပဲ ရုပ်သိမ်းတာဆိုတော့ စစ်တပ်ရုပ်တာပဲ ရှိတာပေါ့။ ညမထွက်ရ
အမိန့်တို့ ဘာတို့ကတော့ မရုပ်သိမ်းသေးဘူး။ ဒီတော့ အကျိုးသက်ရောက်မှုကတော့ ဘာမှ
မထူးခြားပါဘူး။ ညမထွက်ရ အမိန့်ရှိနေသရွေ့ လုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်လို့ရဦးမှာ
မဟုတ်ဘူး။ ရုပ်သိမ်းစေချင်တာက ညမထွက်ရ အမိန့်ပါ။ ကျန်တာက စစ်တပ်မက ဘာပဲချထား
ချထားပေါ့"ဟု ဒေသခံဖြစ်သူ ဦးထိန်လင်းခိုင်က ပြောသည်။

ဒေသခံများအနေဖြင့် အဓိကထား ရုပ်သိမ်းစေချင်သည်မှာတော့ ညမထွက်ရ အမိန့်ပင်ဖြစ်ကြောင်း
နှင့် သို့မှသာ လက်လုပ်လက်စား လုပ်နေသော သူများအတွက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း
၎င်းကပြောသည်။

ထိုသို့ သမ္မတအမိန့်ဖြင့် အရေးပေါ်စီမံချက် အက်ဥပဒေကို ရုပ်သိမ်းပြီးနောက် စစ်တပ်ရုပ်သိမ်းသွား
ပြီး မြို့လုံခြုံရေးအား ရဲတပ်ဖွဲ့မှ တာဝန်ယူထားကာ မြို့အ၀င်အထွက် စစ်ဆေးမှုများကိုမူ နယ်မြေခံ
တပ်ရင်းက ထိန်းသိမ်းထားကြောင်း ဦးထိန်လင်းခိုင်က ပြောသည်။

စစ်တပ်ရုပ်သိမ်းသွားသော်လည်း ထွေထွေထူးထူး ပြောင်းလဲခြင်းမျိုးမရှိကြောင်းနှင့် အဓိက
အရေးကြီးသည်မှာ ညမထွက်ရအမိန့်ကိုသာရုပ်သိမ်းပေးစေလိုကြောင်း မိတ္ထီလာရှိ ၈၈ ငြိမ်းချမ်းရေး
နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုသီဟက ပြောကြားသည်။

"ညမထွက်ရအမိန့် ရုပ်သိမ်းပေးမယ်ဆိုရင် အောက်ခြေ လူတန်းစားတွေ၊ ဈေးသွားဈေးလာတွေအစ
စီးပွားရေးလည်ပတ်မှု ပိုမြန်ဆန်သွားမယ်။ အခုတော့ ညမထွက်ရအမိန့် ရှိနေတော့ ပုံမှန် မနက်
စောစောထ အလုပ်လုပ်ရတဲ့သူတွေအတွက် ဒုက္ခရောက်တာပေါ့။ ပြီးတော့ ဒီမှာက လက်လုပ်
လက်စားများတာကိုး။ စီးပွားရေး ပြန်လည်ပတ်မှုကလည်း တော်တော်ကို နည်းနေပါသေးတယ်"ဟု
ကိုသီဟက ပြောသည်။

ယခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ရွှေဆိုင်တစ်ဆိုင်၌ ရွှေရောင်းရွှေဝယ် ပဋိပက္ခမှစတင်ခါ
ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုဖြစ်ပွားပြီး နောက်ပိုင်း မတ်လ ၂၂ ရက်နေ့တွင် မိတ္ထီလာ
အပါအ၀င် မိတ္ထီလာခရိုင်ထဲမှ မလှိုင်၊ ၀မ်းတွင်းနှင့် သာစည်မြို့များကို သမ္မတအမိန့်ဖြင့် အရေးပေါ်
အခြေအနေ ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကြေညာခဲ့ပြီး မေလ ၂၀ ရက်နေ့ ရက် ပေါင်း ၆၀ ပြည့်တွင် တည်ငြိမ်အေးချမ်းမှုကို
ဆက်လက်ထိန်းသိမ်းရန် လိုအပ်သေးသည်ဟု သမ္မတက လွှတ်တော်သို့ တင်ပြလာသောကြောင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အရေးပေါ်အခြေအနေကို သက်တမ်းနှစ်လ (ရက် ပေါင်း ၆၀)
ထပ်မံတိုးခဲ့သည်။

ယခုအချိန်တွင် တည်ငြိမ်အေးချမ်းလာပြီ ဖြစ်သောကြောင့် သမ္မတအမိန့်ဖြင့် ဇူလိုင် ၂၀ ရက်တွင်
ပြန်လည်ရုပ်သိမ်းခဲ့ ခြင်းဖြစ်သည်။

နော်စေးဖောဝါး   (မြန်မာတိုင်းမ်)