Home » » ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် ဦးဂမ္ဘီရ တစ်ဖြစ်လဲ ဦးညီညီလွင် သြစတြေးလျ နိုင်ငံသူနှင့် လက်ထပ်

ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် ဦးဂမ္ဘီရ တစ်ဖြစ်လဲ ဦးညီညီလွင် သြစတြေးလျ နိုင်ငံသူနှင့် လက်ထပ်

Written By Unknown on Friday, August 2, 2013 | 4:01 PM

ရန်ကုန်၊ သြဂုတ် ၁

တပ်မတော် အစိုးရလက်ထက် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် သံဃာ့ အရေးအခင်းတွင် ဦးဆောင် သံဃာတစ်ပါး ဖြစ်ခဲ့သော ဦးဂမ္ဘီရ တစ်ဖြစ်လဲ ဦးညီညီလွင်သည် လူဝတ်လဲလိုက်ပြီး တစ်နှစ်ကျော်ခန့် အကြာတွင် သြစတြေးလျနိုင်ငံသူ Ms. Maria France နှင့် သြဂုတ်လ ၁ ရက်နေ့ တွင် မန္တလေးမြို့၌ လက်ထပ်လိုက်ကြောင်း ယင်းလက်ထပ်သည့်ကိစ္စ ကူညီ ဆောင်ရွက်ခဲ့သည့် မန္တလေးမြို့မှ ရှေ့နေ တစ်ဦးဖြစ်သူ ဦးသိန်းသန်းဦး က The Voice သို့ ပြောကြားသည်။

ဦးညီညီလွင်နှင့် Ms. Maria France ကို သြဂုတ်လ ၁ ရက်နေ့တွင် မန္တလေး ခရိုင် တရားရုံးက လက်ထပ်ပေးရန် ငြင်းဆန်ခဲ့သောကြောင့် မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာအရ အသိသက်သေများ ရှေ့မှောက်တွင် တရား လွှတ်တော် ရှေ့နေ ဒေါ်ဟန်စုယဉ်၏ ရှေ့မှောက်တွင် လက်ထပ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဥပဒေအရလည်း တရားဝင်ပါတယ်။ နောက်ပြီး သတို့သမီးက ဗုဒ္ဓဘာသာ ကို ပြောင်းထားတာ ကြာပြီ ဆိုတော့ ရိုးရာ ဓလေ့ထုံးတမ်းအတိုင်းပဲ လက်ထပ်ပေးလိုက်တယ်” ဟု ဦးသိန်းသန်းဦးက ပြော ကြားသည်။

ဦးညီညီလွင်နှင့် သြစတြေးလျ နိုင်ငံသူတို့ကို ခရိုင် တရားရုံးက လက်ထပ်ပေး ရန် ငြင်းဆန်ခြင်းမှာ လက်ထပ်ထိမ်းမြားခြင်းကိစ္စ ဆောင်ရွက်ရန် နှစ်နိုင်ငံ အကြား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များပြား လွန်းခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဝါရင့် ရှေ့နေ တစ်ဦးက သုံးသပ် ပြောကြား သည်။

“မြန်မာ အမျိုးသမီးနဲ့ နိုင်ငံခြားသား ဆိုရင်တော့ ခက်တယ်။ မြန်မာ အမျိုးသားနဲ့ နိုင်ငံခြားသူဆိုတော့ အဆင်ပြေပါတယ် ”ဟု ၎င်းက ဆိုသည်။

Ms. Maria France သည် သြစတြေးလျနိုင်ငံ ဘရစ်(စ်)ဘိန်းမြို့ တွင် နေထိုင်သူဖြစ်ပြီး Web Design ရေးဆွဲခြင်း လုပ်ငန်း လုပ်ကိုင်သည့် အပြင် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်ကြောင်း အဆိုပါ ရှေ့နေများထံမှ သိရှိရသည်။

၂၀၀၇ ခုနှစ်တွင် သံဃာ့ အရေးအခင်း လှုပ်ရှားမှုကြောင့် ဦးဂမ္ဘီရကို တပ်မတော် အစိုးရက ထောင်ဒဏ် ၆၃ နှစ် ချမှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီးနောက် ကျန်းမာရေး အကြောင်းပြချက်ဖြင့် လူဝတ်လဲခဲ့ခြင်း ဖြစ်သည်။

ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို မကွေးတိုင်း ပေါက်မြို့နယ်တွင် ၁၉၇၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အဖ ဦးမင်းလွင်၊ အမိ ဒေါ်အေးတို့မှ မွေးဖွား ခဲ့ပြီး မွေးချင်း ခုနစ်ယောက်တွင် ပဉ္စမမြောက် သား ဖြစ်သည်။

The Voice Weekly