Home » » ပြင်ဦးလွင် ၁၉ မိုင်အနီးဝန်းကျင်က ရေသည်အချို့ အဖမ်းခံရ

ပြင်ဦးလွင် ၁၉ မိုင်အနီးဝန်းကျင်က ရေသည်အချို့ အဖမ်းခံရ

Written By Unknown on Friday, August 2, 2013 | 8:02 PM

မန္တလေး - ပြင်ဦးလွင်လမ်း ၁၉ မိုင်အနီးက ရေသည်တွေကို ဌာနဆိုင်ရာများက ဖယ်ရှားခိုင်းခဲ့သည်ကို သနားခံစာတင်ပြ၍ ဆက်လက်လုပ်ကိုင်လျှက်ရှိကြရာ ယနေ့ ၂.၈.၂၀၁၃ ရက်နေ့တွင် ပြင်စာ ရဲစခန်းမှူး နှင့် အဖွဲ့က လာရောက်၍ ပစ္စည်းများကို သိမ်းဆည်းပြီး ကိုလတ် နှင့် ကိုမိုးကျော်ဆိုသူကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

အဆိုပါရေသည်များအနေဖြင့် နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပါက ဖယ်ရှားပေးပါမည်ဟု အသနားခံထားသော်လည်း ရဲစခန်းမှူးမှ ယခုကဲ့သို့ လာရောက်ဖမ်းဆီး သိမ်းဆည်း သွားခြင်းဖြစ်သည်။

မျက်မြင်တစ်ဦး၏ ပြောဆိုချက်အရ “အောက်ပိုင်းက ရေသည်တွေကတော့ ပစ္စည်းတွေထားပြီး လူတွေရှောင်နေကြတယ်။ အဲဒီပစ္စည်းတွေကို ပိုင်ရှင်မဲ့ဆိုပြီးသိမ်းသွားတယ်။ ကိုမိုးကျော်က စက်တွေ
လည်းအသိမ်းခံရတယ်။ လူကိုပါဖမ်းခေါ်သွားတာကို အာမခံပြီး ပြန်ခေါ်လာတယ်။
ဝါတွင်းလေးမို့လို့ သည်းခံပေးပါလို့ တောင်းပန်တာတောင် မရဘူး” ဆိုသည်။

စခန်းမှူးမှ “ခင်ဗျားတို့လူလည်အရမ်းကျတယ်။ ကျုပ်တို့တောင် ခင်ဗျားတို့နားမကပ်ရဲတော့ဘူး။ ကြောက်လာပါပြီ။ သတင်းတွေတောင် တက်နေတယ်။” ဟု ပြောဆိုသွားကြောင်း ရေသည်များက ပြန်လည် ပြောဆိုသည်။

ကိုလတ်၏ ဇနီးမှ စခန်းမှူးဖြစ်သူကို “ကျွန်မတို့မှာ ပြောင်းဖို့ရွှေ့ဖို့ အခက်အခဲရှိတယ်။ ပြောင်းရွှေ့ စရိတ်ပေးမလား” ဟုပြောဆိုလိုက်သည်တွင် ကိုလတ်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါရေသည်များအနေဖြင့် လမ်းဘေးကပ်လျှင်လည်း လမ်းအပစ်ဒဏ် ၊ အနောက်ဆုတ်လျှင်လည်း သစ်တောက တရားစွဲမည်ဟူသော ခြိမ်းခြောက်ပြောဆိုမှုများဖြင့် ရင်ဆိုင်နေကြကြောင်း သိရသည်။

ထွန်းထက်

by Myanmar News Now