Home » » နေအိမ် တိုက်ခန်းအတွင်း အမျိုးသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံး

နေအိမ် တိုက်ခန်းအတွင်း အမျိုးသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံး

Written By Unknown on Thursday, August 22, 2013 | 12:41 PM

ရန်ကုန်၊ သြဂုတ် ၂၁

ရှမ်းပြည်နယ် အရှေ့ပိုင်း ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ဂိုးဒန်းချယ်ရီဟိုတယ် ဘေးလမ်းရှိ သုံးထပ်တိုက် နှစ်လွှာတွင် သြဂုတ်လ ၁၉ ရက်နေ့ ညပိုင်းက အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း တာချီလိတ် လူမှုကူညီရေး အသင်းမှ အသင်းဝင် အမျိုးသား တစ်ဦးက ပြောကြားသည်။

သေနတ် ဒဏ်ရာဖြင့် သေဆုံးသူ ဦးဆိုင်းရီတစ်သည် ကျပန်း လုပ်ကိုင်ကာ ကျိုင်းတုံဇာတိ ဖြစ်ပြီး ယင်းတိုက်ခန်းတွင် ငှားရမ်း နေထိုင်သူ ဖြစ်ကြောင်း၊ ညာဘက် နားထင်တွင် သေနတ်ဒဏ်ရာ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရပ်ကွက် တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အလောင်းကို သွားရောက် သယ်ယူသူက ၉ မမ ကျည်ခွံကို တွေ့ရှိခဲ့သည်ဟု The Voice သို့ ပြောကြားသော်လည်း မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ကျည်ကို စစ်ဆေးနေဆဲ ဖြစ်သော ကြောင့် မည်သည့် ကျည် အမျိုးအစား ဖြစ်ကြောင်းကို အတည်ပြု ပြောကြားခြင်း မရှိပေ။

“အမေရိကမှာက အိမ်ထဲမှာ သေနတ်ပစ်မှုတွေ၊ ပစ်ခတ်မှုတွေဖြစ်တာ မထူးဆန်းပေမယ့် တာချီလိတ် မှာ အမေရိကန်ယဉ်ကျေးမှု ထွန်းကားနေ တယ်” ဟု တာချီလိတ်မြို့တွင် နေထိုင်သူ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောကြားသည်။

သေဆုံးသူ အမျိုးသားကို တာချီလိတ်မြို့ရှိ မဟာမြတ်မုနိ ဘုန်းကြီးကျောင်း တွင် ရွှေ့ပြောင်း ထားရှိပြီး သြဂုတ်လ ၂၂ ရက်နေ့တွင် သဂြုင်္ိဟ်မည် ဖြစ်ကြောင်း တာချီလိတ် လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။

အဆိုပါ အမှုမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုမဟုတ်ဘဲ လူသတ်မှု ဖြစ်ကြောင်းနှင့် သေနတ်ဖြင့် ပစ်သူဟု ယူဆရသူကို ဖမ်းမိသည်ဟု သတင်းများ ထွက်ပေါ်သော်လည်း မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက စစ်ဆေးဆဲသာ ဖြစ်ကြောင်း ပြောကြားသည်။

တာချီလိတ်မြို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နီးစပ်သဖြင့် ပြစ်မှုကျူးလွန်သူများသည် အလွယ်တကူ တစ်ဖက်နိုင်ငံသို့ ဝင်ပြေးနိုင်သဖြင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီး ရှာဖွေရန် အခက်အခဲများ ရှိကြောင်း ဆန်ဆိုင်း (ခ) ရပ်ကွက် တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။

အဆိုပါ သေနတ်ပစ်ခံရ၍ လူသေဆုံးမှုကို (ပ) ၁၇၇/၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး သေနတ်ဖြင့် ပစ်ခတ်သူကို စုံစမ်းလျက် ရှိကြောင်း တာချီလိတ်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

တာချီလိတ် ပါလျှံနှင့် တောကော့ ရပ်ကွက်ကြား စိန်ပန်းနီနီ အအေးဆိုင်တွင် ဇွန်လ ၁၉ ရက်နေ့ ည ၇နာရီကျော်က အအေးဆိုင် ထိုင်နေသူ နှစ်ဦး သေနတ်ပစ်ခံရ၍ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ မေလ ၆ ရက်နေ့ ည ၇ နာရီကျော်တွင် အသက် ၃၂ နှစ်အရွယ် ဆံပင်ညှပ်ဆိုင် ပိုင်ရှင် ဆံပင်ညှပ်ပေးနေစဉ် ပစ်ခတ် ခံရပြီး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly