ပညာရေး ပြုပြင်ပြောင်းလဲရေး၏ ကောင်းမွန်သော ပြောင်းလဲမှု များ တွေ့ကြုံ နေသော တက္ကသိုလ် ပညာရေးကဏ္ဍတွင် လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ သင်ကြားရေး နည်းစနစ်များ ပြောင်းလဲ သွားရန် ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။
ယခင် ဆရာဗဟိုပြု သင်ကြားနည်းစနစ်မှ ယခုနှစ်တွင် စတင်ကာ ကျောင်း သား ဗဟိုပြု သင်ကြားနည်းအဖြစ် ပြောင်းလဲသွားရန် ပညာရေးဝန်ကြီးဌာ နက ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်တိုင်းတွင် ယင်းစနစ်ကို ကျင့်သုံးသွားဖွယ် ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြား သည်။
“အရင်က သုံးနှစ်နဲ့သင်နေတဲ့ သင်ရိုးကို အခုလေးနှစ်ထိ ထပ်တိုးလိုက်တယ်ဆိုတော့ အချိန်လည်း ပိုထွက်လာတယ်။ ဒါကြောင့် ဒီလိုသင်ကြားနည်းစနစ်ကို ကောင်းကောင်းသင်ကြားဖို့ အချိန်ရတာပေါ့” ဟု ဒေါက်တာစိုးဝင်းက ဖြည့်စွက် ပြောဆိုသည်။
တက္ကသိုလ်တိုင်းကို လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့် ပေးမည်ဆိုပါက သင်ကြားရေး ပြောင်းလဲမှုများ မလိုအပ်တော့ကြောင်း၊ ယင်းသို့စီမံခွင့်ရပါက သင်ကြားရေးပိုင်းတွင် ပိုမိုအာရုံစိုက်နိုင်ပြီး နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ရာတွင်လည်း ပိုမိုလျင်မြန်လာမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် မြန်မာစာတွဲဖက်ပါမောက္ခ (ငြိမ်း) ဦးမျိုးသန့်က The Voice သို့ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပညာရေးစနစ် ပြောင်းလဲမှုများကို အစိုးရသစ်လက်ထက်တွင် ပိုမိုအားစိုက် ပြုလုပ်လာခဲ့ပြီး လက်ရှိအချိန်တွင် အဆင့်မြင့်ပညာရေးကဏ္ဍ၌ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်း၊ ပုဂ္ဂလိက တက္ကသိုလ်မူကြမ်း၊ အမျိုးသားပညာရေး ဥပဒေတို့ကို ရေးဆွဲလျက်ရှိသည်။
အလားတူ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းကာ Center of Excellence များ ဖွင့်လှစ်ခြင်း၊ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ခြင်း၊ ဧည့်ပါမောက္ခများ လာရောက် သင်ကြားခြင်းတို့ ပြုလုပ် လျက်ရှိသည်။
The Voice Weekly