Home » » အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်း နိုင်ငံတကာ စံညွှန်းနှင့် ကိုက်ညီမှု မရှိဟုဆို

အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်း နိုင်ငံတကာ စံညွှန်းနှင့် ကိုက်ညီမှု မရှိဟုဆို

Written By Unknown on Wednesday, August 21, 2013 | 11:45 AM

ရန်ကုန် ၊ သြဂုတ် ၂၀

ပြည်သူ့လွှတ်တော်က အတည်ပြုထားသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းသည် နိုင်ငံတကာ စံညွှန်းများနှင့် ကိုက်ညီမှု ...မရှိသည့် အချက်များ ပါဝင်ကြောင်း ပြည်တွင်း ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ အချို့ထံမှ သိရှိရသည်။

ကိုက်ညီမှု မရှိသည့် အချက်များကို ပြည်တွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားမှု များ ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် တိုင်ပင်ကာ အကြံပြုချက်များ စုစည်းပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ယခုလအတွင်း ညှိနှိုင်း ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း လူ့အခွင့်အရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် Equality Myanmar ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းက The Voice သို့ ပြောဆိုသည်။

လွှတ်တော်မှ အတည်ပြုထားသော ယင်းဥပဒေ မူကြမ်းတွင် လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းရာ၌ အစိုးရဘက်ပိုင်းမှ ပါဝင်သူ ဦးရေ များပြားနေသည့်အပြင် ကော်မရှင် အသုံးစရိတ်ကိုလည်း နိုင်ငံတော် သမ္မတရုံးထံတွင် မှီခိုနေရသည်ကို တွေ့ရကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ Equality Myanmar ပေါင်းကူးအဖွဲ့ Burma Partnership နှင့် ကရင် အမျိုးသမီးအသင်း အပါအဝင် ပြည်တွင်း လူမှုအခြေပြု အဖွဲ့အစည်း အချို့၏ အကြံပြုချက်များကို လွှတ်တော်သို့ ပေးပို့သွားမည် ဖြစ်ကြောင်း Burma Partnership မှ Coordinater ဒေါ်ခင်ဥမ္မာက ဆိုသည်။

အမျိုးသား လူ့အခွင့်အရေး ဥပဒေကြမ်းတွင် ပါရှိသော ကော်မတီဝင်များ၏ အရည်အချင်း သတ်မှတ်ချက်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရမည့် အချက်နှင့် တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွား သူ ဖြစ်ရမည် ဆိုသည့်အချက်ကို ထည့်သွင်းရန် သြဂုတ်လ ၂၀ ရက်နေ့ အမျိုးသားလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

ထို့အပြင် ကော်မရှင်များ၏ အမှား တစ်စုံတစ်ခုကြောင့် စွပ်စွဲ ပြစ်တင် လိုသည့်အခါတွင် မည်သို့ စွပ်စွဲ ပြစ်တင်ရမည်ဆိုသော အချက်ကို ထည့်သွင်း မထားသည့်အတွက် ယင်းအချက်များကို ထပ်မံထည့် သွင်းလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက် ညွှန်ကြားမှုဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး နယ်ပယ် အသီးသီးမှ ကော်မရှင် အဖွဲ့ဝင် ၁၅ ဦး ရွေးချယ် ခန့်အပ်ထားသည်။

ဆွတ်ရိန်

The Voice Weekly