Home » » တရားရုံး အခွန်များကို အဆပေါင်းများစွာ လျှော့ချရန် သဘောတူညီမှု ရရှိ

တရားရုံး အခွန်များကို အဆပေါင်းများစွာ လျှော့ချရန် သဘောတူညီမှု ရရှိ

Written By Unknown on Wednesday, August 21, 2013 | 12:05 PM

ရန်ကုန်၊ သြဂုတ် ၂၀

ကျပ်သိန်း ဆယ်ချီ ဈေးနှုန်းပေါက်သည့် တရားရုံး အခွန် (တံဆိပ်ခေါင်းခွန်) များကို အဆပေါင်းများစွာ လျှော့ချရန် လွှတ်တော်ကို တင်ပြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ...ရန်ကုန် ရှေ့နေအသင်းမှ တရားလွှတ်တော် ရှေ့နေ ဦးသန်းဌေးက The Voice သို့ ပြောကြားသည်။

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း ဦးဆောင်ကာ လွှတ်တော် ကော်မတီများ၊ ရှေ့နေများ၊ ဝန်ကြီး ဌာနများနှင့် နေပြည်တော် လွှတ်တော်ဝင်းရှိ ကော်မတီဆောင် (I-7) တွင် သြဂုတ်လ ၁၉ ရက်နေ့ က ပြုလုပ်သည့် တရားရုံးများ ကောက်ခံ အသုံးပြုလျက် ရှိသည့် နှုန်းထား များ မြင့်တက်နေမှုအပေါ် ပြန်လည် သုံးသပ် ဆွေးနွေးပွဲတွင် ယင်းသို့ သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရားရုံးများတွင် တရားမမှုများအတွက် လက်ရှိ ကောက်ခံနေသော တံဆိပ်ခေါင်းခွန် ၁၅ သိန်းကို ပြည်သူများ ပေးဆောင်နေရပြီး ယင်းအခွန် နှုန်းထားမှာ အလွန် မြင့်မားနေသဖြင့် လျှော့ချရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ယခု ဆွေးနွေးပွဲတွင် သတ်မှတ်ခဲ့သည့် နှုန်းထားကို လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ဦးသန်းဌေးက ပြောကြားသည်။

“ယခင် သတ်မှတ်ခဲ့တဲ့ နှုန်းထား (ကျပ်သောင်း ဂဏန်း) နီးပါး လျှော့ချဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအခမ်းအနားကို ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၊ ပြည်သူ့ လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးနှင့် တိုင်ကြားစာများ အသနားခံစာ များ စိစစ်ဆောင်ရွက်ရေး ကော်မတီ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန် ရှေ့နေအသင်း၊ ရန်ကုန်တိုင်း ဒေသကြီးမှ တရားလွှတ်တော် ရှေ့နေများ တက်ရောက်ခဲ့ကြသည်။

The Voice Weekly