Home » » အကြမ်းဖက်မှုအတွက် တစ်စုံတစ်ခုလုပ်ရန် အယ်လ်ကေဒါခေါင်းဆောင် ဆော်သြ

အကြမ်းဖက်မှုအတွက် တစ်စုံတစ်ခုလုပ်ရန် အယ်လ်ကေဒါခေါင်းဆောင် ဆော်သြ

Written By Unknown on Wednesday, August 7, 2013 | 5:40 PM

နယူးယောက်၊ သြဂုတ် ၆

ကမ္ဘာ့အကြမ်းဖက်အဖွဲ့ဖြစ်သော အယ်လ်ကေဒါ၏ ထိပ်တန်းခေါင်းဆောင် ဖြစ်သူက အယ်လ်ကေဒါဆဲလ်(အဖွဲ့ဝင်) များ အနေနှင့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ခုလုပ်ရန် တိုက်တွန်းလိုက် သောကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ယီမင်နိုင်ငံတွင် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် အကြမ်းဖက်မှုများအတွက် အရေးကြီးသတိ ပေးချက်များကို သက်ဆိုင်ရာ လုံခြုံရေးနှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများက ထုတ်ပြန်ထားကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

မကြာသေးခင် ထွက်ပေါ်လာသော ထောက်လှမ်းရေး သတင်းများအရ အယ်လ်ကေဒါအဖွဲ့၏ အကြမ်းဖက်ခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီသည် တိုက်ခိုက်မှုများ ပြုလုပ်ရေးအတွက် ယီမင်နိုင်ငံရှိ အဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သူအား တစ်စုံတစ်ခု လှုပ်ရှားရန် အမိန့်ပေးခဲ့သည်။

အမေရိကန်နှင့် ယီမင်မှ လုံခြုံရေး အရာရှိကြီးများသည် အကြမ်းဖက်တိုက်ခိုက် မှုများ ပြုလုပ်လာနိုင်ခြေရှိ၊ မရှိ ဟူသော ကိစ္စနှင့်ပတ်သက်၍ ထောက်လှမ်းရေးသတင်း များကို အဆက်မပြတ် စောင့်ကြည့်ခဲ့ ကြောင်း၊ သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အဆိုပါ အယ်လ်ကေဒါခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီနှင့် ၄င်း၏လက်ထောက် (အာရေဘီးယား ကျွန်းဆွယ်ဒေသ အယ်ကေဒါခေါင်းဆောင်) နာဆာအယ်လ် ဝါဟာရှီတို့အကြား ဆက်သွယ်စကား ပြောဆိုမှုကို ရရှိလိုက်ပြီးနောက် လုံခြုံရေး တင်းကျပ်မှု များ ပြုလုပ်လာခြင်းဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေးအရာရှိကြီး များက ပြောကြားသည်။

အေမန်အယ်ဇဝါဟီရီသည် ယခုအခါ ပါကစ္စတန်နိုင်ငံတွင် ပုန်းအောင်းနေသည်ဟု ယူဆရပြီး နာဆာအယ်လ်ဝါဟာရှီအား အယ်လ်ကေဒါအဖွဲ့ တစ်ခုလုံး၏ နံပါတ် ၂ ခေါင်းဆောင်အဖြစ် မကြာသေးခင်က ခန့်အပ်လိုက်သည်ဟု ထောက်လှမ်းရေး သတင်းများအရ သိရသည်။

ယခုကဲ့သို့ လုံခြုံရေးနှင့် ပတ်သက်၍ အရေးတကြီး ပြုမူဆောင်ရွက်ခြင်းသည် အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခင်ဖြစ် ပေါ်လာနိုင်ခြေရှိသည် ဟူသောအချက်ကို ဖော်ပြခြင်း ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အာရပ်ကမ္ဘာ(အထူးသဖြင့် ယီမင်နိုင်ငံ) တွင် မွတ်ဆလင်တို့၏ ရာမာဒန် ဥပုသ်လ အကုန်ပိုင်း၌ အနောက်နိုင်ငံ ပစ်မှတ်များကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း အိမ်ဖြူတော်က သတင်း ထုတ်ပြန်သည်။

ထို့ပြင် ယခုလို အကြမ်းဖက်တိုက် ခိုက်မှုများ ပြုလုပ်လာနိုင်ခြေ ရှိသည်ဟူသည့် ခန့်မှန်းချက်များမှာ မကြာသေးခင်က အာရပ်ကမ္ဘာ နိုင်ငံအချို့၌ အကျဉ်းထောင်များ ဖောက်ထွင်းခံရကာ ထင်ရှားသော အယ်လ်ကေဒါ အကြမ်းဖက်သမားများ လွတ်မြောက်သွားမှုကြောင့် ထွက်ပေါ်လာ ခြင်းလည်းဖြစ်သည်။

နိုင်ငံတကာရဲတပ်ဖွဲ့က အီရတ်၊ လစ် ဗျားနှင့် ပါကစ္စတန်နိုင်ငံရှိ အကျဉ်းထောင်များ အဖောက်ခံရမှုတွင် အယ်လ်ကေဒါအဖွဲ့ ပါဝင်ပတ်သက်မှုရှိသည်ဟု သတိပေး ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုတွင် နယူးယောက်နှင့် ဆန်ဖရန်စစ္စကိုမြို့များ၌ အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေး အထူးတိုးမြှင့်ထားသည်။

လာမည့်ရက် များအတွင်း အရှေ့ အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကဒေသ နိုင်ငံများတွင် အယ်လ်ကေဒါတို့ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်လာဖွယ်ရှိသည် ဟူသော ထောက်လှမ်းရေးသတင်း များကြောင့် ယင်းနိုင်ငံများတွင် အခြေစိုက်သည့် အမေရိကန်သံရုံးပေါင်း ၂၂ ရုံးနှင့် ကောင်စစ်ဝန်ရုံးများ ပြီးခဲ့သည့် တနင်္ဂနွေနေ့ က ရုတ်ခြည်းပိတ်လိုက်ရသည်။

The Voice Weekly