Home » » နယ်စပါးဈေးကြောင့် ရန်ကုန်ဆန်ဈေး ရုတ်တရက်တက်

နယ်စပါးဈေးကြောင့် ရန်ကုန်ဆန်ဈေး ရုတ်တရက်တက်

Written By Unknown on Monday, August 5, 2013 | 7:06 PM

ရန်ကုန်၊ သြဂုတ်၎

စပါးအဓိက စိုက်ပျိုးထုတ်လုပ်ရာ ဧရာဝတီတိုင်းဒေသကြီးတွင် စပါးလက်ကျန် နည်းလာပြီး ဈေးမြင့်လာကာ ရန်ကုန်သို့ အဝင်နည်းလာခြင်းကြောင့် ရန်ကုန်ဆန်ဈေးသည် တစ်ပတ်အတွင်း ဆန်အမျိုးအစားအလိုက် (၁၀၈ ပေါင်ဝင်) တစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် ရုတ်တရက် မြင့်တက် သွားကြောင်း ဝါးတန်းဆိပ်ကမ်း အခြေစိုက် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

နှစ်စဉ် လယ်လုပ်ငန်း စတင်ချိန်တွင် ဆန်ဈေးများတက်လေ့ ရှိသော်လည်း ယခုတက်သည့် ဈေးနှုန်းသည် စက်တင်ဘာလ စပ်ကူးမပ်ကူး (ဆန်ဟောင်းလက်ကျန် နည်းချိန်၊ ဆန်သစ်မပေါ်ခင်) ကာလတွင် တက်သည့်နှုန်း ရောက်နေသည်ဟု ၎င်းကဆိုသည်။

ယခုနှစ်တက်ရသည့် အကြောင်းအရင်းတွင် ရာသီဥတုနှင့် အဓိကသက်ဆိုင်ပြီး အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်နေချိန်တွင် အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးခေါင်၍ ရေမရသည့် အခက်အခဲ ဖြစ်နေကြောင်း မြောင်းမြမြို့မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်သို့ ဆန်မတင်ပို့နိုင်သည်မှာ တစ်လခန့်ရှိပြီး လယ်သမားများ လက်ထဲတွင် စပါးလက်ကျန် နည်းနေကာ ရေကြီးမှုသတင်းများကို အစိုးရိမ်ပိုမှုများ ရှိနေသည်ဟု ၎င်းကဆိုသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် စပါးအချောတင်း ၁၀၀ လျှင် ကျပ်ခုနစ်သိန်းမှ ခုနစ်သိန်းခွဲခန့်၊ စပါးအကြမ်းတင်း ၁၀၀ လျှင် ကျပ်လေးသိန်းခြောက်သောင်းနှင့် လေးသိန်း ခုနစ်သောင်းခန့် ဖြစ်နေသည်ဟု ၎င်းကဆိုသည်။

The Voice Weekly