Home » » အလုပ်သမားအများစု တစ်ရက် ၁၃ နာရီ အလုပ်လုပ်နေရ

အလုပ်သမားအများစု တစ်ရက် ၁၃ နာရီ အလုပ်လုပ်နေရ

Written By Unknown on Wednesday, August 14, 2013 | 9:51 AM

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းရှိ စက်ရုံနှင့် အလုပ်ရုံများမှ လုပ်သားများသည် တစ်ရက်လျှင် ၁၃ နာရီ အလုပ်လုပ်နေကြ ရကြောင်း အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာသည့် လွှတ်တော်၏ ကော်မရှင်က သြဂုတ် လ ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အစီရင်ခံစာ တင်ခဲ့သည်။

နိုင်ငံတကာ အလုပ်သမား ဥပဒေတွင် လုပ်သားတစ်ဦးသည် တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီသာ သတ်မှတ်ထားသည့်အတွက် ယခုအလုပ်သမားများသည် တစ်ရက်လျှင် ငါးနာရီကြာ ပိုလုပ်နေရသည့် သဘော ဖြစ်နေသည်။

ပြီးခဲ့သည့် မေလက အမတ် ၂၆ ဦးဖြင့် ဖွဲ့စည်းလိုက်သည့် အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင်သည် ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ စက်ရုံ ၃၆ ရုံကို ကွင်းဆင်းစစ်ဆေးကာ ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ကော်မရှင် လေ့လာခဲ့သည့် စက်ရုံများမှာ ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ငါးပုစွန် အအေးခန်းစက်ရုံ၊ ဇာထိုးပန်းထိုးစက်ရုံ၊ လျှပ်စစ်စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ သကြားလုံးစက်ရုံ၊ ကြွေပြားစက်ရုံနှင့် သစ်အချောထည်စက်ရုံတို့ဖြစ်သည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။

အလုပ်သမားများသည် ထိုသို့ တစ်ရက်လျှင် ၁၃ နာရီကြာ အလုပ်လုပ်နေရသော်လည်း လုပ်ခလစာကိုမူ အလုပ်ရှင်များ က အနည်းဆုံးနှုန်းထားသာ ပေးနေကြောင်း ကော်မရှင်က စစ်ဆေး တွေ့ရှိခဲ့သေးသည်။

လုပ်သားများသည် ထမင်းစားချိန်မှလွဲ၍ တစ်ရက်လျှင် ၁၂ နာရီကြာ မတ်ရပ်အနေအထားဖြင့် အလုပ်လုပ်ရသည့် အတွက် အများစုသည် ကျန်းမာရေးချို့တဲ့ပြီး စိတ်ဓာတ်အင်အားပါ ကျဆင်းနေသည်ကို ကော်မရှင်က စစ်ဆေးတွေ့ရှိ ခဲ့သည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

လုပ်ငန်းခွင်ကျန်းမာရေး

လုပ်ငန်းခွင်တွင် ထိုသို့ ပင်ပန်းစွာ လုပ်ကိုင်နေရသော အလုပ်သမားများသည် ကျန်းမာရေးစောင့်ရှောက်မှုလည်း ကောင်းစွာ မရသည့်အကြောင်း ကော်မရှင်က အစီရင်ခံခဲ့သေးသည်။

စက်ရုံများတွင် ဥပဒေနှင့်အညီ လုပ်သား အင်အားအလိုက် ထားရှိရမည့် ဆေး သေတ္တာများ မထားရှိကြောင်း၊ စက်ရုံရှိ ဆေးခန်းတွင် တာဝန်ထမ်းဆောင်နေသူများသည်လည်း လက်မှတ်ရ၊ လိုင်စင်ရ သူနာပြုမဟုတ်ဘဲ သူနာပြုအကူများ သာ ဖြစ်နေကြောင်း၊ လုပ်သားများကို ကျန်းမာရေးစစ်ဆေးပေးမှု တစ်နှစ် တစ်ကြိမ်ပင် ဆောင်ရွက်မပေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် လုပ်သားများသောက်သုံးရန်ပေးထားသည့် ရေသန့်စက်များသည်လည်း ရေစစ်များကို မလဲလှယ်သဖြင့် သန့်ရှင်း သည့် သောက်ရေကိုပင် မသောက်ရသည့် လုပ်သားများရှိကြောင်းလည်း ကော်မရှင်က ဆိုသည်။

အလုပ်ရှင်များညှိ၍ လစာခေါင်းပုံဖြတ်

အလုပ်ရှင်များက ၎င်းတို့ မဖြစ်မနေပေးရမည့် အခြေခံ နေ့တွက်လုပ်ခနှုန်းထားကို အလွန်အမင်းနှိမ့်ထားပြီး စေတနာ အလျောက် ပေးမှသာ ရနိုင်မည့် ရက်မှန်ကြေး၊ ဆုကြေးနှင့် အခြားထောက်ပံ့ကြေးများကို ပေါင်းထည့်ပြီး လစာပေးသည့် စနစ်ကို အချင်းချင်း ညှိ၍ ကျင့်သုံးနေကြကြောင်း လွှတ်တော်တွင် တင်သွင်းသည့် အစီရင်ခံစာတွင် ဆက်လက် ဖော်ပြ ထားသေးသည်။

ယခုကဲ့သို့ လုပ်ခလစာကို နှိမ့်ထားခြင်းဖြင့် လစာကို အခြေခံ၍ တွက်ချက်ရသည့် အချိန်ပိုကြေး တမင်နည်းအောင် အလုပ်ရှင်များက လုပ်ထားသည်ဟုလည်း ကော်မရှင်က သုံးသပ်ထားသည်။

အလုပ်ဆင်း/တက် ၁၂ နာရီကြာ

အချို့သော စက်ရုံလုပ်သားများသည် အလုပ်နှင့်အိမ် သွားချိန်၊ ပြန်ချိန် စုစုပေါင်း ၁၂ နာရီမျှပင် ကြာမြင့်နေသည်ဟုပင် အံ့အားသင့်ဖွယ် ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည်။

သွားရေးပြန်ရေး အဆင်ပြေစေရေးအတွက် အလုပ်ရှင်မှ ကြိုပို့ယာဉ် စီစဉ်ပေးသည့် စက်ရုံများ၊ နေစရာ အဆောင်စီစဉ် ပေးသည့် စက်ရုံများတွင်လည်း ကားခနှင့် နေစရိတ်ကို လစာမှ ပြန်ဖြတ်သဖြင့် အခက်အခဲများရှိနေသည်ဟုလည်း ကော်မရှင်က ဆိုသည်။

ထို့ပြင် ကြိုပို့ယာဉ် အများစုသည်ပင် ကြံ့ခိုင်မှုမရှိဘဲ လူနှင့်ကား မမျှတအောင် စီးနင်းနေရကြောင်းလည်း အမတ်များကို ရှင်းပြခဲ့သေးသည်။

စာချုပ်တွင် ခံစားခွင့် တိတိကျကျ မဖော်ပြ

အချို့သော စက်ရုံများမှာ အလုပ်ခန့်ထားချိန်တွင် သဘောတူစာချုပ် ချုပ်ဆိုထားသော်လည်း ယင်းစာချုပ်ကို ကော်မရှင်က တောင်းကြည့်သည့်အခါ အလုပ်သမားများ ခံစားခွင့်နှင့် တာဝန်များကို တိတိကျကျ ဖော်ပြထားခြင်း မရှိသည်ကို လည်း တွေ့ရှိသည်ဟု အမတ်များက လေ့လာတွေ့ရှိခဲ့သည်။

ယင်းကိစ္စသည် အလုပ်သမားများ ပညာဗဟုသုတနည်းမှုအပေါ် အလုပ်ရှင်က အခွင့်ကောင်းယူနေသည်ဟု ကော်မရှင် က သုံးသပ်သည်။

ယခုတင်သွင်းသည့် အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် အမတ်များက ဆက်လက်ဆွေးနွေး ကြရန် လွှတ်တော်နာယကက ညွှန်ကြားခဲ့ပြီး ဆွေးနွေးမည့် အမတ်များသည် သြဂုတ် ၁၄ ရက်တွင် နောက်ဆုံးထား စာရင်းပေးပို့ ရမည် ဖြစ်သည်။

မင်းမင်း
Mizzima - News in Burmese