Home » » ရွှေတူးဖော်သည့်ကျေးရွာမြေများ ပြန်ရရှိရေး ဒေသခံများဆန္ဒပြ

ရွှေတူးဖော်သည့်ကျေးရွာမြေများ ပြန်ရရှိရေး ဒေသခံများဆန္ဒပြ

Written By Unknown on Wednesday, August 14, 2013 | 8:22 PM

မန္တလေး၊ သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် အုံးဇုန်းကျေးရွာ အုပ်စု ဝက်သေကျေးရွာမြေများတွင် ရွှေတူးဖော်ရေးကုမ္ပဏီ သုံးခုက တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ယင်းမြေများ ပြန်လည်ရရှိရေးအတွက် သြဂုတ်လ ၁၃ ရက်နေ့ နံနက်၈ နာရီ မှ ၁၁ နာရီ အထိ အဆိုပါကျေးရွာ အမှတ် (၉)ဘုန်းတော်ကြီးသင်ကျောင်းတွင် ကျေးရွာ ဒေသခံ ၁၅၀ ဦး ကျော်က ဆန္ဒပြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းရွှေတူးဖော်နေသည့် ကျေးရွာမြေများ ပြန်လည်ရရှိရေး အတွက် အစိုးရ အဖွဲ့အစည်း အဆက်ဆက်ကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ အထိ တိုင်ကြား ခဲ့သော်လည်း ယခုတိုင် အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ကြောင်း ဆန္ဒထုတ်ဖော်သည့် ဒေသခံများထံမှ သိရသည်။

ဝက်သေကျေးရွာရှိ မြေဧရိယာ ၁၅၅ ဒသမ ၃၆၃ကို ကျေးရွာမြေများ အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက၂၀၁၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် တရားဝင် ပေးအပ်ခဲ့သော်လည်း အချို့မြေနေရာများကို ရွှေတူးဖော်နေသည့် ကုမ္ပဏီများက လုပ်ကိုင်နေသဖြင့် အဆိုပါမြေများ ပြန်လည် ရလိုကြောင်း ဝက်သေကျေးရွာ ဒေသခံ အချို့က ပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်ရာတွင် အချက် ကိုးချက်ပါ ဆန္ဒသဘောထား ထုတ်ပြန်ခဲ့ပြီး အဆိုပါ အချက်များတွင် ရွာမြေနှင့် ရွှေတူးမြေ အကြား နယ်မြေသတ်မှတ်ပေးရေး၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရေး၊ ရွာမြေနယ်နိမိတ် အမြန်ဆုံးသတ်မှတ်ပေးရေး စသည့် အချက်များ ပါဝင်သည်။

အဆိုပါဆန္ဒပြမှုအပြီး တောင်းဆိုချက်များ ဆောင်ရွက်ပေးခြင်းရှိ မရှိ တစ်လ စောင့်ကြည့်မည်ဖြစ်ပြီး ထူးခြားမှုမရှိပါက သပိတ်ကျင်းမြို့နယ် ဝက်သေကျေးရွာမှ မန္တလေးမဟာမြတ်မုနိဘုရားသို့ လမ်းလျှောက် ဆန္ဒပြရန်အစီအစဉ် ရှိကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

"ဒေသခံတွေ တောင်းဆိုချက်ကို နိုင်ငံတော်ကို တင်ပြထားပါတယ်။ နိုင်ငံတော် ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်" ဟု အဆိုပါဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် Golden Point ကုမ္ပဏီ မန်နေဂျာ ဦးဝင်းကျော်နိုင်က ဆိုသည်။

ကုမ္ပဏီမှ ရွှေထုတ်လုပ်မှု များကြောင့် ရေတွင်းရေကန်များ ခန်းခြောက်ပြီး သောက်သုံးရေ မလုံလောက်ခြင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် မသန့်ရှင်းသော ရေများ ကို သောက်သုံး နေရသဖြင့် ဝမ်းပျက်ဝမ်းလျှောနှင့် ဖောရောင်သော ရောဂါ များလည်း မကြာခဏ ဒေသခံများ ခံစားရကြောင်း ဝက်သေကျေးရွာတွင် ပုဂ္ဂလိက ဆေးခန်းဖွင့်နေသူ ဒေါက်တာထွန်းဝေက မန္တလေးမြို့တော်တွင် သြဂုတ်လဆန်းပိုင်းက ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

The Voice Weekly