Home » » ပန်းတနော် လယ်သမားများ ဆန္ဒဖော်ထုတ်ခွင့်ပယ်ချခံရ

ပန်းတနော် လယ်သမားများ ဆန္ဒဖော်ထုတ်ခွင့်ပယ်ချခံရ

Written By Unknown on Monday, August 12, 2013 | 6:16 PM

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ခနွဲကပိုကျေးရွာနှင့် ဒဟတ်တောကျေးရွာရှိ လယ်သမားများက ဆန္ဒဖော်ထုတ်ခွင့်ပြုရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့သို့ တင်ပြလျှောက်ထားရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပယ်ချခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး တောင်သူ လယ်သမားနှင့် ရေလုပ်သား တိုးတက်ဖွံ့ဖြိုးရေး သမဂ္ဂဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားသည်။

ပန်းတနော်မြို့နယ် ရဲစခန်းတွင် မတရားဖမ်းဆီးထားသော လယ်သမားနှင့် ရေလုပ်သား ၂၇ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ကြေးတိုင်အင်းစနစ် ဖျက်သိမ်းပေးရန်၊ အစိုးရ လေလံဈေးအတိုင်း ဒေသခံ ရေလုပ်သားများ လုပ်ကိုင်ခွင့်ရရန်၊ ဒေသခံ လူထုအတွက် ဘုံစား ငါးဖမ်းဧရိယာများ ပိုမိုသတ်မှတ်ပေးရန်စသည့် အချက်လေးချက်ပါ တောင်းဆိုမှုပြုရန်အတွက် သြဂုတ် လ ၁၂ ရက်နေ့တွင် ခနွဲကပိုကျေးရွာနှင့် ဒဟတ်တောကျေးရွာတို့ရှိ လယ်သမားနှင့် ရေလုပ်သား စုစုပေါင်း၂၀၀ ခန့်က ဆန္ဒထုတ်ဖော်ခွင့်ပြုရန် မြို့နယ်ရဲတပ်ဖွဲ့သို့ တင်ပြခဲ့ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက သြဂုတ်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ပန်းတနော်မြို့နယ်အတွင်း စုစုပေါင်း အင်းအရေအတွက်၂၉၉ အင်းခန့်ရှိပြီး ၁၉၉၀ ပြည့်နှစ် မတိုင်မီအချိန်က ဒေသခံလူထုအတွက် ဘုံစားအင်း အရေအတွက် စုစုပေါင်း ၅၀ ခန့် ရှိခဲ့သော်လည်း၂၀၁၃ ခုနှစ်တွင် ဒေသခံလူထုအတွက် ဘုံစားအင်းမှာ အင်းအသေးစားနှစ်ခုသာ ရှိတော့ကြောင်း၊ ကျန်အင်းများမှာ ကုမ္ပဏီများနှင့် တစ်သီးပုဂ္ဂလ အင်းသူကြီးများက ကြေးတိုင်စနစ်ဖြင့် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် လုပ်စားခွင့်ရခဲ့သောကြောင့် ရေလုပ်သားများမှာ စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ခနွဲကပိုကျေးရွာမှ ရေလုပ်သား ဦးအောင်အောင်က ပြောကြားသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှု ပယ်ချခံရခြင်းနှင့် ပတ်သက်၍ ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင် ဖြေဆိုပိုင်ခွင့် မရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဆန္ဒဖော်ထုတ်မည့်နေ့တွင် အင်းလေလံပွဲ ရှိသည့်အပြင် ဖမ်းဆီးထားသော ခနွဲကပို ကျေးရွာသား ရှစ်ဦးကို ရုံးထုတ်မည့်နေ့ ဖြစ်သောကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်မည်စိုးသဖြင့် ခွင့်မပြုခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်မည့် ရေလုပ်သားများကို သြဂုတ်လ ၉ ရက်နေ့တွင် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့စခန်းရဲမှူးက ခေါ်ယူ၍ ရှင်းပြခဲ့သည်ဟု ဦးအောင်အောင်က ပြောကြားသည်။

ခနွဲကပိုကျေးရွာသား ရှစ်ဦးကို ဖိုးလပြည့်ကုမ္ပဏီ လေလံရရှိထားသော အင်းအတွင်း ငါးခိုးဖမ်းသည်ဟူသော စွပ်စွဲချက်ဖြင့် ပန်းတနော်ရဲစခန်းကို တိုင်ကြားခြင်းကြောင့် ဇူလိုင်လကုန်ပိုင်းတွင် ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

The Voice Weekly