Home » » GW အဖွဲ့အတွင်းရေးမှူး ပြစ်မှုကြွေးကျန်ဖြင့် အဖမ်းခံရ

GW အဖွဲ့အတွင်းရေးမှူး ပြစ်မှုကြွေးကျန်ဖြင့် အဖမ်းခံရ

Written By Unknown on Thursday, July 11, 2013 | 7:01 PM

ရန်ကုန်၊ ဇူလိုင် ၁၀

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တက်ကြွလှုပ်ရှားခဲ့သူ တစ်ဦး ဖြစ်သည့် GW (Generation Wave) အဖွဲ့ အတွင်းရေးမှူး ဦးဝေဖြိုးအောင် (ခ) ဂလိ ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ခုကို ဦးဆောင်ခဲ့သည့် ပြစ်မှုကြွေးကျန်အတွက် ပြည်မြို့ အမှတ် (၁) ရဲစခန်းက ဖမ်းဆီးထားကြောင်း GW အဖွဲ့ဝင် ဦးဖိုးကောင်းက The Voice သို့ ပြောကြားသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်မြို့၌ ခေတ္တရောက်ရှိနေသည့် ဦးဝေဖြိုးအောင်ကို ၄င်းတည်းခိုရာ ဟိုတယ်သို့ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးဦးအောင်လင်းက လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

GW အဖွဲ့မှ ဦးဝေဖြိုးအောင်နှင့် အဖွဲ့ဝင်နှစ်ဦးသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပိုစတာလှုပ်ရှားမှု တစ်ရပ်ကို ပြည်မြို့၌ ဦးဆောင်လှုပ်ရှားခဲ့ရာ ပြည်မြို့ အမှတ် (၁) ရဲစခန်းက GW အဖွဲ့ဝင်နှစ်ဦးကို ခုနစ်လကြာ ဖမ်းဆီး ထိန်းသိမ်းကာ ဒဏ်ငွေကျပ်သုံးသောင်းစီ တပ်ရိုက်ခဲ့ပြီး ဦးဝေဖြိုးအောင်က လွတ်မြောက်နေခြင်းကြောင့် ယခုကဲ့သို့ ထိန်းသိမ်းရခြင်းဖြစ်ကြောင်း အဆိုပါမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးအောင်လင်းက ဆိုသည်။

ယင်းအတွက် ရဲစခန်းက ဦးဝေဖြိုးအောင်ကို ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ တရားခံပြေးအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီး ယခုရဲစခန်းက တရားခံပြေးများ ရှင်းလင်းသည့် ကာလနှင့် ကြုံကြိုက်နေ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း စခန်းမှူး ဦးအောင်လင်းက ပြောကြားသည်။

ဦးဝေဖြိုးအောင်ကို ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေအရ ထုတ်ဝေခွင့် ကန့်သတ်ထားသည့် စာရွက်စာတမ်းများ တရားမဝင်ပုံနှိပ်၍ အများပြည်သူထံ ဖြန့်ချိမှုကြောင့် ပုဒ်မ ၁၇ (၁) အရ အရေး ယူထားပြီး အာမခံပေး၍ မရကြောင်း ဦးအောင်လင်းက ထပ်မံပြောကြားသည်။

"ခုလိုဖမ်းလိုက်တာ သူ့အတွက် တော်တော်ကောင်းပါတယ်။ တရားခံပြေး အဖြစ် မှတ်တမ်းဝင်နေတာ ဆိုတော့ အမှုရင်ဆိုင်ပြီးသွားရင် စခန်းတွေက မှတ်တမ်းတွေမှာလည်း ရှင်းလင်းသွားလိမ့်မယ်" ဟု အမှတ် (၁) စခန်းမှူးက ဆိုသည်။

ပြစ်မှုဟောင်းများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးမချဟု နိုင်ငံတော် သမ္မတက ကတိပြုထားရာ ယခု ဦးဝေဖြိုးအောင်ကို ဖမ်းဆီးအရေးယူသည့် ကိစ္စကို သေချာစိစစ်မည် ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား လက်ကျန်စိစစ်ရေး ကော်မတီဝင်နှင့် နိုင်ငံရေးအကျဉ်းသား ဟောင်း တစ်ဦးဖြစ်သူ ဦးရဲအောင်က ပြောကြားသည်။
"ဘာပြစ်မှုနဲ့ အရေးယူတယ်ဆိုတာ ပြန်ကြည့်ရဦးမယ်။ တရားခံပြေးတို့ ဘာတို့ ဆိုရင် အနိမ့်ဆုံးအဆင့် အဲ့ဒါတွေကို ပြန်ဖြေရှင်းရမယ်" ဟု ၄င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြစ်မှုဟောင်းများကို နိုင်ငံရေးလက်နက် အဖြစ် အသုံးချသွားမည် မဟုတ်ကြောင်း ကတိပြုထားပြီး အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားအားလုံး ကိုလည်း အမြန်ဆုံး ပြန်လွှတ်မည်ဖြစ်ကြောင်း ၄င်း၏ မိန့်ခွန်းများတွင် အကြိမ်ကြိမ် ပြောကြားထားသည်။

The Voice Weekly