Home » » ဖားကန့်တွင် ရေကြီး၍ နေအိမ်များနစ်မြုပ်

ဖားကန့်တွင် ရေကြီး၍ နေအိမ်များနစ်မြုပ်

Written By Unknown on Thursday, July 11, 2013 | 7:03 PM

ရန်ကုန်၊ ဇူလိုင် ၁၀

ကျောက်စိမ်းများ အဓိကထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇူလိုင် ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဥရုချောင်းရေကြီးကာ မြို့ပေါ်ရပ်ကွက်အချို့နှင့် နေအိမ်များ နစ်မြုပ်ခဲ့ကြောင်း ဒေသခံများက The Voice သို့ ဆက်သွယ်ပြောကြားသည်။

ဖားကန့်မြို့ပေါ်တွင် ဥရုချောင်းရေသည် မြို့လယ်တံတားနှစ်ခုကို ကျော်လွန်ခဲ့ပြီး မြို့မရပ်ကွက်နှင့် မရှီကတောင်ရပ်ကွက်တို့ရှိ နေအိမ်အချို့ နစ်မြုပ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရရသူနှင့် သေဆုံးသူ မရှိသေးကြောင်း ငှက်ပျောတော ရပ်ကွက်ရှိ ကျောက်စိမ်းဝယ်ရောင်းတစ်ဦးက ဇူလိုင် ၁၀ရက်နေ့ နေ့လယ်၁ နာရီခန့်တွင် ဖားကန့်မြို့ အခြေအနေကို ပြောပြသည်။
"လုံးခင်း၊ ဆိုင်းတောင်(ဆိပ်မူ) ဘက်လည်း အိမ်တွေမြုပ်ကုန်ပြီလို့ ကြားတယ်" ဟုလည်း ၄င်းကဆိုသည်။

လုံးခင်ကျေးရွာတွင်မူ ရွာလယ် လမ်းမကြီးတစ်လျှောက် ရေလျှံခဲ့သော်လည်း ယခင်နှစ် ရေကြီးမှုစံချိန်ထိ မရောက်သေးကြောင်း၊ ဥရုချောင်းကမ်းတွင် နေထိုင်သည့် နေအိမ်အချို့ ရေလွတ်ရာသို့ ကြိုတင် ရွှေ့ပြောင်းထားကြကြောင်း လုံးခင်ရပ်ကွက် (၄)တွင် နေထိုင်သူ အမျိုးသမီးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြစ်ကြီးတစ်ခုဖြစ်သော ချင်းတွင်းမြစ်၏ မြစ်ဖျား ဥရုချောင်းသည် ဖားကန့်မြို့နယ် အတွင်းရှိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်များကြောင့် နုန်းပို့ချမှု မြင့်မားလာသည့်အပြင် ကျောက်မျက်ကုမ္ပဏီ အချို့က နွေရာသီတွင် ဥရုချောင်းကိုပိတ်ကာ ကျောက်မျက်တူး ဖော်ကြ သည့်အတွက် ရေစီးလမ်းပြောင်းလာမှု တို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ရေကြီးရေလျှံ ဖြစ်နေသည်မှာ ဆယ်စုနှစ်ကျော်လာပြီ ဖြစ်သည်။

The Voice Weekly