Home » » ရခိုင်ပြည်နယ် ပဋိပက္ခနှင့် အကြမ်းဖက်မှု စစ်တမ်း ထုတ်ပြန်မည်

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် အကြမ်းဖက်မှု စစ်တမ်း ထုတ်ပြန်မည်

Written By Unknown on Wednesday, July 31, 2013 | 10:46 AM

ရန်ကုန်၊ ဇူလိုင် ၃၀

လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ပြီး လူတစ်သိန်းကျော် ဒုက္ခရောက်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ် ရသည့် အကြောင်းအရင်း လေ့လာ ဆန်းစစ်ထားသည့် စစ်တမ်း တစ်စောင် ကို ထုတ်ပြန်မည် ဖြစ်ကြောင်း ရခိုင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ (AHRDO) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် မည်သို့ ဆောင်ရွက်သွားရ မည် စသည့် လေ့လာ သုံးသပ်ချက်များ ပါဝင်သည့် ယင်းစစ်တမ်းကို သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ စင်ထရယ် ဟိုတယ်၌ မီဒီယာ များကို ရှင်းလင်းကာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း AHRDO က ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ လွဲမှားစွာ ပုံဖော်ခြင်း ခံခဲ့ရ၍ အများစုက အမှန်တိုင်း နားလည် လက်ခံခြင်းမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြသည်။

ပဋိပက္ခများ၏ နောက်ကွယ်ရှိ အကြောင်းတရားများနှင့် ကုလသမဂ္ဂ၊ OIC စသည့် နိုင်ငံတကာ အဖွဲ့အစည်းများ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက် ပါဝင် ပတ်သက်ခဲ့မှုများကို အဆိုပါ စစ်တမ်းတွင် ထုတ်ဖော် တင်ပြ ထားကြောင်း AHRDO အဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ၊ သမိုင်းနောက်ခံ အကြောင်းအရာများ အပါအဝင် ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရန်၊ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းစွာ အတူနေထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ သားဖွားနှုန်း၊ သတင်း ထုတ်ပြန်ရေး ကိစ္စများအတွက် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့ပြီး ၂၉ ရက်နေ့တွင် ပြည်သူလူထုကို ထုတ်ပြန်ခဲ့သည်။

The Voice Weekly