Home » » ကျိုင်းတုံတွင် ဓားဖြင့်မသေမချင်း ခုတ်သတ်သော လူသတ်မှုဖြစ်

ကျိုင်းတုံတွင် ဓားဖြင့်မသေမချင်း ခုတ်သတ်သော လူသတ်မှုဖြစ်

Written By Unknown on Friday, July 5, 2013 | 8:10 PM

ကျိုင်းတုံ၊ ဇူလိုင် ၎

ရွှေတြိဂံဒေသ ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင်ကျေးရွာ တွင် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဓားဖြင့် မသေမချင်း ခုတ်သတ်သော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးရဲကြည်က The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင်ကျေးရွာတွင် နေထိုင်သော ဦးတူးတယ်ကို နေအိမ်၌ လာရောက်တည်းခိုသူ ဦးအိုက်အွန်က အရှည် ၂၁ လက်မခန့်ရှိ ဓားဖြင့်မသေမချင်း ခုတ်သတ်ခြင်း ဖြစ်ကြောင်း ယင်းမြို့ ရဲစခန်းမှတ်တမ်းများ အရ သိရသည်။

"အိုက်အွန်က အရင်တစ်ခေါက်ပဲ သူ့အမျိုးတွေနဲ့ အိမ် အလည်လာဖူးတာ၊ အခုသေတဲ့သူက ခါးနာလို့ ဘေးအိမ်က အဘွားကို လာနှိပ်ခိုင်းတာ။ အဘွားနဲ့ မတွေ့လို့ ကျွန်တော်တို့နဲ့ စကားထိုင်ပြောနေရင်း သူကမပြောမဆိုနဲ့ ဓားနဲ့ဝင်ခုတ်တာ၊ ကျွန်တော်တို့လည်း ကြောက်လို့ ထွက်ပြေးရတယ်" ဟု မျက်မြင် တွေ့ရှိသူ ဦးအားဖြိုက The Voice သို့ ပြောကြားသည်။

သေဆုံးသူ ဦးတူးတယ်သည် ညာဘက်မျက်လုံး၊ ဘယ်ဘက်နားထင်၊ နဖူးနှင့် ဦးခေါင်းနောက်စေ့တို့ကို ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ယင်းနေအိမ်တွင်ပင် ပွဲချင်းပြီးသေဆုံး သွားခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အရ သိရသည်။

"ဦးလေးကို ဓားနဲ့ခုတ်သတ်တာ သိလို့ ရွာကလူတွေ ဝိုင်းဖမ်းတော့ပါလာတဲ့ ဓားနဲ့ ပြန်ရန်မူလို့ ရဲစခန်းကိုဖုန်းဆက် အကူအညီ တောင်းရတယ်" ဟု ယင်းတရားခံကို ဖမ်းဆီးရာတွင် ပါဝင်သူ သေဆုံးသူ၏ တူမတော်စပ်သူ မအားမီက The Voice သို့ ပြောဆိုသည်။

ယင်းသို့ ဓားဖြင့် ခုတ်သတ်သည့် အကြောင်းအရင်းနှင့် ယင်းသို့ဖြစ်ပွားစဉ် ဦးအိုက်အွန်၏ စိတ်အခြေအနေတို့ မည်သို့ ရှိသည်ကို မသိရှိရသေးပေ။

ပြစ်မှုကျူးလွန်သူကို ဆယ်မိနစ်အတွင်း ဖမ်းဆီးရ မိခဲ့ပြီး(ပ) ၈၅/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂၊ အမှုကြီးအမှတ်စဉ် ၅/၂၀၁၃ ဖြင့် စစ်ဆေးအရေးယူလျက် ရှိကြောင်း ယင်းမြို့ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရန်နိုင် (သီလဝ)

The Voice Weekly