Home » » ဂျပန် ကာနီဘိုး အလှကုန်ပစ္စည်းအချို့ ဈေးကွက်က ပြန်သိမ်း

ဂျပန် ကာနီဘိုး အလှကုန်ပစ္စည်းအချို့ ဈေးကွက်က ပြန်သိမ်း

Written By Unknown on Friday, July 5, 2013 | 6:57 PM

ဂျပန်နိုင်ငံက နာမည်ကြီးအလှကုန်ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ ကာနီဘိုး (Kanebo) က မနေ့ကစပြီး သူတို့ရဲ့ထုတ်ကုန် ၅၄ မျိုးကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာဈေးကွက်ကနေ ပြန်လည်သိမ်းဆည်းနေပါတယ်။

သုံးစွဲပြီးရင် အရေပြားပေါ်မှာ အကွက်တွေဖြစ်လာတာကြောင့် သိမ်းဆည်းနေတာပါ။

ကာနီဘိုး အမှတ်တံဆိပ်ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွက် တင်သွင်းဖြန့်ချိရောင်းချပေးနေတဲ့ အဲဗားဆီကို ကုမ္ပဏီ (Eversieko Co.,Ltd)  ကတော့ ဈေးကွက်ထဲက အရေပြားဆိုင်ရာ အလှကုန် ပစ္စည်းတချို့ကိုပြန်လည်သိမ်းယူနေပါပြီ။

ဒါနဲ့ပတ်သက်ပြီးတော့ အဲဗားဆီကို ကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးက    “သတင်းတွေက ဟုတ်တာတွေရော၊ မဟုတ်တာတွေရော ရေးထားတယ်။ ၅၄ မျိုးမှာ မြန်မာနိုင်ငံက မသွင်းတာတွေလည်း အများကြီးရှိတယ်။ သွင်းတာ ၁၀ မျိုးလောက်ပဲ။ တချို့ရေးတာက မြန်မာနိုင်ငံမှာပဲ ဖြစ်သလိုလို၊ အမှန်က ဂျပန်မှာဖြစ်တာ။ ပစ္စည်း ၁၀ မျိုးကိုတော့ ဒီနေ့ကစပြီး ဈေးကွက်တွေမှာ ပြန်သိမ်းခိုင်းနေပြီ” လို့ ပြောပါတယ်။

အဲဗားဆီကို ကုမ္ပဏီအနေနဲ့ ပြန်လည်သိမ်းယူနေတာနဲ့ ပတ်သက်ပြီး  လာမယ့် ဇူလိုင် ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သုံးစွဲသူတွေကို ရှင်းလင်းပြမယ်လို့ ဆိုပါတယ်။

ဒီအလှကုန်ပစ္စည်းတွေကို သုံးစွဲသူ အမျိုးသားတဦးကို မေးမြန်းတဲ့အခါ  အသုံးပြုလိုက်ရင် ယားယံတာတွေ ကြုံရတယ်လို့ ပြောပါတယ်။
ဂျပန်အလှကုန်ကုမ္ပဏီက သူတို့ရဲ့ပစ္စည်းတွေကို အခုဆိုရင် မြန်မာအပါအဝင် ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေကနေ သိမ်းယူနေတာပါ။

ဂျပန်နိုင်ငံမှာ နာမည်ကြီးတဲ့ ဒီအလှကုန်ပစ္စည်းတွေဟာ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဝေစု တော်တော်များများကိုလည်း ဆယ်စုနှစ်တစ်စုကြာတဲ့အထိ ရယူထားတာပါ။

by ယုဇနကိုကို   (ဒီဗွီဘီ)