Home » » မင်းပြားတွင် မြစ်ရေလျှံ၍ စပါးစိုက်ဧက ၈၀ ရာခိုင်နှုန်းကျော် ရေမြုပ်

မင်းပြားတွင် မြစ်ရေလျှံ၍ စပါးစိုက်ဧက ၈၀ ရာခိုင်နှုန်းကျော် ရေမြုပ်

Written By Unknown on Monday, July 29, 2013 | 2:00 PM

ရန်ကုန်၊ ဇူလိုင် ၂၈

မိုးလေးရက်ဆက်တိုက် သည်းထန်စွာ ရွာသွန်းပြီး မြစ်ရေလျှံမှုကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စပါးစိုက် လယ်ဧက ၈၀ ရာခိုင်နှုန်းကျော် ရေနစ်မြုပ်သွားကြောင်း အဆိုပါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။

မင်းပြားမြို့နယ်တွင် စိုက်ပျိုးနိုင်သည့် ဧက ၉၀၆၀၈ ရှိသည့်အနက် ဇူလိုင်လ ၂၅ ရက်နေ့အထိ စိုက်ပျိုးပြီး ဖြစ်သော ၇၄၄၇၂ ဧကတွင် လယ်ဧက ၅၉၅၇၈ နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ရေကျသွားတဲ့ အချိန်မှ စိုက်ဧက ဘယ်လောက်ပျက်စီးတယ် ဆိုတာကို စာရင်းပြုစုပြီး အထက်ကို တင်ပြရမယ်” ဟု ဦးအောင်နိုင်က ထပ်မံပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် ဖုံသာချောင်း၊ ပန်းမြောင်းကြီးချောင်း၊ လေးမြို့ချောင်းတို့သို့ စီးဝင်ကာ ယင်းမှတစ်ဆင့် လေးမြို့မြစ်သို့ စီးဝင်လာပြီး လေးမြို့မြစ်ရေ မြင့်တက် လာကြောင်း၊ လေးမြို့မြစ်ရေများ စီးဝင်လာသဖြင့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခန့်မှ စတင်ကာ မင်းပြားမြို့တွင် မြစ်ရေလျှံ (ဒေသအခေါ် အညာရေကြီး) ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ရေနစ်မြုပ်မှုများကြောင့် မင်းပြားမြို့တွင် ဈေးနှင့် စာသင်ကျောင်းများ ပိတ်ထားရကြောင်း အဆိုပါ မြို့ခံများက ပြောကြားသည်။

“အိမ်ခြေ ၄၀၀ လောက် ရေနစ်မြုပ်နေတယ်။ အနိမ့်ပိုင်းက အိမ်တချို့ဆိုရင် လုံးဝနစ်မြုပ်နေတဲ့ အိမ်တွေရှိတယ်။ ပျမ်းမျှတော့ရေ လေးပေလောက် တက်တယ်” ဟု မင်းပြားမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစိုးမင်းက ဆိုသည်။

အဆိုပါ ရေကြီးမှုကြောင့် မင်းပြားမြို့တွင် လေးမြို့မြစ်ရေထိန်းရန် တည်ဆောက်ထားသည့် ပေ ၅၀ ခန့် အရှည်ရှိသည့် ကျောက်စီ ရေထိန်းနံရံ ပြိုကျပျက်စီးသွားကြောင်း၊ ရေနစ်မြုပ်သည့် နေရာများမှ ဒေသခံများမှာ ကုန်းမြင့်တွင် တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးနေအိမ် များတွင် ပြောင်းရွှေ့ ခိုလှုံနေကြကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရေနစ်မြုပ်မှု အခြေအနေများကို လိုက်လံကြည့်ရှုရာတွင် မင်းပြားတစ်မြို့လုံးတွင် ရေတစ်ပေ ဝန်းကျင်ခန့် နစ်မြုပ်ပြီး အပျက်အစီး မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ဆိုသည်။

မင်းပြားမြို့နယ် ကျေးရွာ အချို့တွင်လည်း ရေနစ်မြုပ်မှုများ ရှိနေပြီး ကမ်းပြိုမှုနှင့် နေအိမ်မည်မျှ ရေထဲပါသွားမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ ရေကြီးမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိသေးကြောင်း၊ ရေကြီးနေဆဲ ဖြစ်ကြောင်း ဒေသခံများ၏ ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၄ နာရီကျော်တွင် ပြောကြားချက်အရ သိရှိရသည်။
အဆိုပါဒေသတွင် မိုးသည်းထန်စွာ ရွာသည့်ကာလတွင် တောင်ကျရေ များကြောင့် မြစ်ရေလျှံပြီး ရေနစ်မြုပ်မှု ဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံများက ဆိုသည်။

The Voice Weekly