Home » » စာမေးပွဲကြေး (၁၅၀၀၀)တောင်းတဲ့ အလယ်တန်းပြ ဆရာမနှစ်ဦးကို ရွာခံကျောင်းကော်မတီ တိုင်ကြားမှုဖြစ်ပွား

စာမေးပွဲကြေး (၁၅၀၀၀)တောင်းတဲ့ အလယ်တန်းပြ ဆရာမနှစ်ဦးကို ရွာခံကျောင်းကော်မတီ တိုင်ကြားမှုဖြစ်ပွား

Written By Unknown on Wednesday, July 31, 2013 | 9:39 PM

ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ သုံးခွကျေးရွာ(ခွဲ) အလက ကျောင်းတွင် အလယ်တန်းပြ ဆရာမဒေါ်မော်မော်စိုးနှင့် ဒေါ်ဝင်းဝါခိုင်တို့နှစ်ဦးမှ ကျောင်းအုပ်ဆရာမကြီးအား အသိပေးခြင်း၊ ကျေးရွာကျောင်း ကော်မတီ၊ ရပ်မိရပ်ဖနှင့် ရာအိမ်မှူတို့အား တိုင်ပင် အစည်းအဝေး ပြုလုပ်ခြင်းမရှိဘဲ အလယ်တန်း ကျောင်းသား(၉)ဦး၏ မိဘများကို နေအိမ်သို့ခေါ်၍ စာမေးပွဲကြေးအဖြစ် တစ်ဦးလျှင် ကျပ်(၁၅၀၀၀)ပေးရန် တောင်းခံ ခဲ့ကြကြောင်း သိရသည်။

မူလတန်းမှ စတုတ္တတန်း အထိ အခမဲ့ပညာရေး ဆိုသော်လည်း စာမေး ပွဲမေးခွန်း ထုတ်သည့် စာရွက်များကို မြန်မာ တနိုင်ငံလုံးရှိ ကျောင်းများတွင် မည်သည့် ကျောင်းမှ မရရှိကြကြောင်း၊ သုံခွကျေးရွာ(ခွဲ) အလကကျောင်းမှာ ပန်းတနော်မြို့နယ်(ဘိတ်)ကျောင်း၏ ကျောင်းခွဲဖြစ်သောကြောင့် မေးခွန်း ညှိနှိုင်းခြင်း၊ မေးခွန်း စာရွက်ထုတ်ခြင်းများတွင် သွားလာ ခရီးစရိတ် ကုန်ကျမှုများ ရှိသဖြင့် မိမိတို့လစာများမှ အကုန်အကျ မခံနိုင်ကြောင်း၊ (၁၅၀၀၀)ကျပ်ထက် လျှော့ပါက ပန်းတနော်မြို့(ဘိတ်) ကျောင်းအုပ်ဆရာမ ဒေါ်သိန်းသိန်းဦးမှ အဆင်ပြေမှာ မဟုတ်ကြောင်း ၎င်းတို့တောင်းခံငွေကြေးအပေါ် ဈေးဆစ်ကြသော ကျောင်းသားမိဘများကို ဒေါ်ဝင်းဝါဖြူမ ပြောကြားခဲ့သည်ဟု သုံးခွကျေးရွာနေ အလယ်တန်းကျောင်းသား မိဘဦး ကြည်စိုး၏ ပြောပြချက်အရ သိခဲ့ရသည်။

ဦးကြည်စိုးမှပင်``(၁၉.၉.၂၀၁၂)ည(၉)နာရီမှာဒေါ်ဝင်းဝါဖြူနဲ့ဒေါ်မော်မော်စိုးတို့ကသူတို့အိမ်ကို အစည်းအဝေး ခေါ်ပါတယ်။ စာမေးပွဲကြေးကို(၁၅၀၀၀)ကျပ် သတ်မှတ်တော့ (၁၀၀၀၀)ကျပ် လောက်ထားပေးဖို့ ကျွန်တော်တို့က တောင်းဆိုတော့ ဒေါ်ဝင်းဝါဖြူက လက်မခံဘူး၊ နောက်တော့(၁၂၀၀၀)ကျပ်နဲ့ဈေးတည့် သွားတယ်၊(၈.၂.၂၀၁၃)နေ့မှာသူတို့တောင်းတဲ့ ငွေကိုပေးဖို့ခေါ်ပြောတယ်။ (၁၈.၂.၂၀၁၃)နေ့မှာ (၁၅၀၀၀)နဲ့(၇)ဦး၊ (၁၂၀၀၀)နဲ့က(၂)ဦးသူ တို့တောင်းတဲ့ငွေကိုပေးခဲ့ရတယ်။ ကျွန်တော်တို့ရွာက ဆင်းရဲပါတယ်။ ကျွန်တော်ဆိုမျိုးပဲ လက်ကျန်နဲ့အိမ်ကကြက်ကို ရောင်းပြီးသူတို့တောင်းတဲ့ ငွေကိုပေးခဲ့ရတာ။ အဆင့်မြင့် ပညာရေး စနစ်ကိုနိုင်ငံတော်က ဖော်ဆောင်နေတဲ့ အချိန်မှာ ဒီလိုပိုက်ဆံ တောင်းတာတော့ မကောင်းပါဘူး။ ဆင်းရဲသာများတဲ့ ရွာကျောင်းမှာ သင်ကြားရေး ကြတော့ ထိထိရောက်ရောက် မရှိဘူး၊ သားသမီးတွေ စာသင်တာ လေ့လာကြည့်တော့ သင်ခန်းစာတွေ အပြည့်မသင်ဘဲ ကျော်သင်တာ တွေ့ရတယ်၊ လပတ်စာမေးပွဲမှာ ပြသနာမရှိပေမယ့် (၆)လအလယ်(ဘိတ်) ကျောင်းက မေးခွန်းထုတ်တဲ့အခါ ကျတော့ ခလေးတွေ မဖြေနိုင်ကြတော့ဘူး။´´ ဟုဆက်လက်ရင်ဖွင့် ပြောကြားခဲ့သည်။

အလယ်တန်းပြ ဆရာမနှစ်ဦး ငွေကြေးတောင်းခံခြင်းကို သုံးခွကျေးရွာ ကျောင်းကော်မတီ ဦးအောင်မင်းဦးနှင့်အဖွဲ့ ရပ်မိရပ်ဖလူကြီးများ၊ ရာအိမ်မှူးတို့ စုစုပေါင်း(၁၆)ဦးတို့မှ လက်မှတ်ရေးထိုးပြီး ပန်းတနော်မြို့နယ် ပညာရေးမှူးထံသို့တင်ပြတိုင်ကြားခဲ့ရာ သုံးခွ(ခွဲ)အလက ကျောင်းအုပ်ဆရာမကြီးမှ တိုင်ကြားသူများကိုခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး စာမေးပွဲကြေး တောင်းခံခြင်းတွင်သူမ   မသိရှိကြောင်းနှင့် ငွေကြေးတောင်းခံရာတွင် မပါဝင်ကြောင်းကိုယ်တိုင် ခံဝန်လက်မှတ်ထိုးပြီး အစည်းအဝေး တက်ရောက်သူများကို လည်းခံဝန်သိရှိကြောင်း လက်မှတ်ထိုးခိုင်း ခဲ့သည်။

(၇.၆.၂၀၁၃)နေ့တွင်(၁၂၀၀၀)ကျပ် ပေးခဲ့ရသူများကို ရာအိမ်မှူးမှ တဆင့်(၈၀၀၀)ကျပ်ပြန်ပေး၍ (၄၀၀၀)ကျပ်ကို စရိတ်ခံပေးရန် မေတ္တာရပ်ခံ ပြောကြားခဲ့သည်။ ငွေကြေးတောင်းခံခဲ့သော အလယ်တန်းပြ ဆရာမနှစ်ဦးကို ငွေကြေးတောင်းယူမိကြောင်း ကျောင်းအုပ်ဆရာမကြီးမှ ခံဝန်လက်မှတ် ထိုးခိုင်းခဲ့ရာ ဆရာမနှစ်ဦးစလုံးမှ လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ကြသည်ဟုသိခဲ့ရသည်။

သုံးခွကျေးရွာရပ်မိရပ်ဖ ဦးချစ်ငြိမ်းနှင့် ရာအိမ်မှူးဦးလှဆိုင်တို့မှ ``သုံးခွ(ခွဲ)ကျောင်းမှာ အရင်က ထက်ကျောင်းသား နည်းသွားပါတယ်။ အခုဆို ကျောင်းကော်မတီနဲ့ ကျောင်းဆရာမတွေနဲ့ ငွေတောင်းတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အဆင်မပြေကြတော့ ကျေးရွာကျောင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ အတွက် စိတ်ပူစရာ
ကောင်းပါတယ်။ သုံးခွကျောင်းက(၈)တန်းအောင်လို့(၉)တန်းကို မြို့ကျောင်းမှာ သွားထားရင် သုံးခွ(ခွဲ)ကျောင်းကဆို စာမလိုက်နိုင်လို့ လက်မခံချင်ကြဘူး။ လက်ခံခဲ့တယ်ဆိုရင်လည်း ကလေးတွေ အခြေခံမပါသွားလို့ ပြန်ပြေးလာ ကြတာများတယ်။ အခုဆိုရွာကလေး အတော်များများ အသင်အပြကောင်းတဲ့ နီးစပ်ရာရွာတွေမှာ သွားတက်ကြတော့တယ်။ ကိုယ့်ရွာကျောင်းသာ တစ်ခြားရွာ သွားတက်ပြီး ရွာကျောင်းမှာ တော့အတော့်ကို လူနည်းသွားပါတယ်။´´ဟု ပြောကြားခဲ့သည်။

သုံးခွရွာ ကျောင်းကော်မတီ ဦးအောင်မင်းဦးအား ငွေကြေးတောင်းခံမှုနှင့် တိုင်းကြားမှုများနှင့် ပတ်သတ်၍ဆက်သွယ်မေးမြန်းခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး ပညာရေးညွှန်မှူး ဦးမင်းနိုင်ကို တိုင်ကြားမှသာ တောင်းခံထားတဲ့ ငွေကြေးများကို ပြန်ပေးခြင်းဖြစ်ပြီး ပန်တနော်မြို့နယ် ပညာရေးမှူးရုံးမှ တိုင်ကြားစာများကို ပြန်ပေးပြီး အကျင့်ပျက်သူတို့ကို အရေးယူခြင်းမရှိသည့် အတွက် (၁၆.၆.၂၀၁၃)တွင် ကျောင်းကော်မတီ၊ ရပ်မိရပ်ဖ၊ရာအိမ်မှူး(၁၆)ဦးတို့မှ လက်မှတ်စုပေါင်းထိုး၍ တိုင်ကြားမှုများ ထပ်မံပြုလုပ်ထား ကြကြောင်း သိခဲ့ရသည်။

ဇော်လင်းထွေး(အိမ်မဲ)