Home » » တောင်သူ ၉ ဦးကို ဖျာပုံတပ်က တရားစွဲဆို

တောင်သူ ၉ ဦးကို ဖျာပုံတပ်က တရားစွဲဆို

Written By Unknown on Sunday, July 7, 2013 | 5:24 AM

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ညောင်ချောင်းလေးကျေးရွာမှာ တပ်ကသိမ်းထားတဲ့ ဥယျာဉ်ခြံတွေထဲမှာ တောင်သူ ၉ ဦးက ဝင်ရောက်စိုက်ပျိုးလို့ဆိုပြီး ဖျာပုံမြို့နယ် အခြေစိုက် ခ.လ.ရ (၉၈)က တရားလိုပြုလုပ်ကာ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုနဲ့ မနေ့ကအမှုဖွင့်လိုက်ပါတယ်။

အမှုဖွင့်လိုက်ပြီးတဲ့နောက် မြို့နယ်ရဲစခန်းက ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် တောင်သူတွေကို မနေ့ကဆင့်ခေါ်ခဲ့ကြောင်း မြောင်းမြမြို့နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ကိုသန့်ဇော်ဦးက RFA ကို အခုလို ပြောပါတယ်။

"ရဲစခန်းကနေပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို လှမ်းပြီးတော့ အကြောင်းကြားတဲ့အပေါ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက သူ့ရဲ့စာ၊ သူ့ရဲ့လက်ရေးနဲ့ လက်မှတ်ရေးထိုးပြီးတော့ တောင်သူတွေကို ရုံးချိန်းတက်ရောက်ရန်ဆိုပြီး ၁၂ နာရီလောက်မှာ အားချင်းလှမ်းခေါ်ပါတယ်၊ တရားရုံးရောက်တော့ ညနေ ၄ နာရီထိုးနေပြီ၊ တရားရုံးကနေပြီးတော့ လူမစုံသည့်အတွက် ၁၂ ရက်နေ့ကျရင် အာမခံဖို့ လူတွေပါခေါ်ခဲ့ပါဆိုပြီး ရုံးချိန်းပြန်ချိန်းတယ်"

မြောင်းမြမြို့ အခြေစိုက် ခ.လ.ရ (၉၃)၊ မအူပင်မြို့အခြေစိုက် ခ.လ.ရ (၂၇)၊ အိမ်မဲမြို့အခြေစိုက် ခ.လ.ရ (၆၃)၊ မော်လမြိုင်ကျွန်းမြို့အခြေစိုက် ခ.လ.ရ (၅၃၄)နဲ့ ဖျာပုံမြို့အခြေစိုက် ခ.လ.ရ (၉၈)တို့က တောင်သူ ၃ဝ ကျော် ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံမြေ ဧက ၅ဝဝ နီးပါးကို ၂ဝဝ၅ ခုနှစ်ကစလို့ ရာဘာစိုက်ပျိုးဖို့ဆိုပြီး လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

အဲဒီဒေသမှာရှိတဲ့ အခြေစိုက်တပ်တွေက သိမ်းယူပြီးနောက်ပိုင်းမှာလည်း တောင်သူတွေက ဥယျာဉ်ခြံမြေတွေမှာ ဝင်ရောက်စိုက်ပျိုးခဲ့ပေမယ့် အနှောင့်အယှက်မရှိခဲ့ဘဲ ဒီနှစ်ကျမှ အခုလိုတရားစွဲခံရတာလို့ တောင်သူတွေက ပြောပါတယ်။

RFA Burmese