Home » » မြန်မာဘက်ပို့မည့် ကျည်ဆန် ၁ သိန်းကျော် ဖမ်းမိ

မြန်မာဘက်ပို့မည့် ကျည်ဆန် ၁ သိန်းကျော် ဖမ်းမိ

Written By Unknown on Monday, July 15, 2013 | 1:11 PM

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဘက်ကို ပို့ဆောင်မယ့် ကျည်ဆန် ၁ သိန်းကျော်ကို ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းရုပ်သံ ချန်နယ်လ် ၃ မှာ သတင်း ဖော်ပြသွားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး မယ်ဟောင်ဆောင်ခရိုင်ဝန် နန်းနရမွန်း ပါလာ့ဝပ်က ဇူလိုင် ၁၄ ရက်နေ့ မနက် ၉ နာရီခွဲက သတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ ချန်နယ်လ် ၃ က ပြောပါတယ်။

ကျည်ဆန်ပေါင်း ၁ သိန်းကျော်ကို ဇူလိုင် ၁၄ ရက်နေ့ မနက် ၂ နာရီကျော်က မယ်ဟောင်ဆောင်မြို့ ပန်မူကျေးရွာအုပ်စု ဘန့်ကုန်းမိုက်ဆပ်ရွာက အိမ်အမှတ် ၈၅/၅ မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီဘက်ကို လက်နက်တွေ တင်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ အမှတ် ၃၃၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တပ်ဖွဲ့မှူး ဒုရဲမှူးကြီး နာ့လင်းဖွန်းနုမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ယာဉ်အမှတ် ၇၈၅၇ ငွေရောင် နစ်ဆန်းဟိုင်းလပ်ကားကို နောက်ယောင်ခံခဲ့ပြီး အဆိုပါအိမ်ရှေ့မှာ ကျည်ဆန်တွေကို ဖမ်းဆီရမိခဲ့တာလို့ ခရိုင်ဝန်က ပြောပါတယ်။

အဲဒီကားပေါ်မှာ ကာဘိုင်ကျည် ၅၆၀ တောင့်၊ ပွိုင့် ၈၈ ကျည် ၂၇၀၀ တောင့်နဲ့ အေကေ ၄၇ ကျည် ၁၁၂၅၀ တောင့်ကို ဦးစွာဖမ်းမိခဲ့ပါတယ်။

ကျည်ဆန်တင်ကားမောင်းသူဟာ အမှတ် ၂ ထောက်ပို့တပ်က အရာခံဗိုလ် နိုင်းဆုမိခ် မစ်ဆီတာဖြစ်ပြီး ဘေးမှာ နိုင်းဂျွန်ဒီးယားဆ၀ပ်ဒီးက လိုက်ပါလာကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဆီကို ပေးပို့ဖို့ ဆရပူရီခရိုင်ဘက်က သယ်ဆောင်လာတာ ဖြစ်ပြီး၊ ဒါဟာ ဒုတိယအသုတ် ပေးပို့တာဖြစ်ကြောင်း ဖွင့်ဟ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့က အိမ်အမှတ် ၈၅/၅ ကို ၀င်ရောက်စစ်ဆေးရာမှာ ပွိုင့် ၈၈ ကျည်ဆန် ၁၀၈၅၀ တောင့်၊ ၁ ဘူးကို ၃၁၆၀၀ တောင့်ပါတဲ့ အမ် ၁၆ ကျည်ဆန် ၉ ဘူး၊ ၇ ဒဿမ ၆၂ မမ ကျည်ဆန်၂၇၀၀၀ တောင့်၊ ကာဘိုင်ကျည်ဆံ ၃၈၀၀ တောင့်၊ ပွိုင့် ၅၀ မမ ၂၅၀၊ ဝေဟင်ပစ်ဒုံးကျည် ၄ လက် နဲ့ရိုးရိုးဒုံးကျည် ၃ ခု စုစုပေါင်း ၁၀၉,၄၇၈ တောင့် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ထိုင်းနိုင်ငံထဲမှာ တရားမ၀င်လက်နက် ဖမ်းဆီရမိတဲ့အကြိမ်တွေထဲက အမြင့်ဆုံးအရေအတွက် ဖြစ်တယ်လို့ မယ်ဟောင်ဆောင်ခရိုင်ဝန်က ပြောကြောင်း ထိုင်းတီဗွီမှာ ဖော်ပြသွားပါတယ်။

 by ဒီဗွီဘီ