Home » » စစ်တွေ ဒုက္ခသည်စခန်း စစ်ဆေးရေးအဖွဲ့ အကြမ်းဖက်ခံရမှု သံသယရှိသူ နှစ်ဦးကို ရဲဖမ်း

စစ်တွေ ဒုက္ခသည်စခန်း စစ်ဆေးရေးအဖွဲ့ အကြမ်းဖက်ခံရမှု သံသယရှိသူ နှစ်ဦးကို ရဲဖမ်း

Written By Unknown on Tuesday, July 23, 2013 | 9:07 AM

ဇူလိုင်လ ၁၇ ရက်က စစ်တွေ ဘင်္ဂါလီဒုက္ခသည် စခန်းအဆောက်ဦများ၏ အရည်အသွေးစစ်ဆေးရေးအဖွဲ့ကို အကြမ်းဖက်တိုက်ခိုက်မှုအတွက် သံသယရှိသူ နှစ်ဦးကို ရဲကဖမ်းဆီးစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် အစိုးရ သတင်းပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက မဇ္ဈိမ ကို ပြောကြားသည်။

စစ်တွေမြို့၊ ဘောဒူဖဒုက္ခသည်စခန်း၌ အင်ဂျင်နီယာမှူး ဦးကိုကိုအောင် ဦးဆောင်သော ဒုက္ခသည်စခန်းအဆောက်အဦများ၏ အရည်အသွေးစစ်ဆေးရေးအဖွဲ့အားတိုက်ခိုက်မှုတွင် စစ်ဆေးရေးအဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။

“စစ်ဆေးရေးအဖွဲ့ဟာ ဘောဒူဖဒုက္ခသည်စခန်းသွားစစ်ရာမှာ ဘင်္ဂါလီ ၇၀ လောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ ဒီအကြမ်းဖက်မှုဖြစ်စဉ်မှာ သံသယရှိသူ နှစ်ဦးကို ရဲက စစ်မေးနေပါတယ်။ အမှန်တကယ် ပြစ်မှုကျူးလွန်သူတွေကိုတော့ ဥပဒေနဲ့အညီ စစ်ဆေးဖော်ထုတ် အရေးယူသွားမှာပါ” ဟု ဦးလှသိန်းက ဆိုသည်။

သံသယရှိသူများကို ဇူလိုင် ၂၂ ရက်နေ့က ဖမ်းဆီးကာလက်ရှိ စစ်တွေ၊ အမှတ် (၁)ရဲစခန်းတွင် စစ်မေးနေဆဲဖြစ်၍ စစ်ဆေးပြီးမှသာ အမည်နာမနှင့်တကွ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဟု အဆိုပါ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။

အခင်းဖြစ်သည့်နေ့က ခဲများဖြင့် ပစ်ပေါက် တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးအဖွဲ့ဝင်ဦးခိုင်မင်းထွန်း၏နှာခေါင်းတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ) ဒုဦးစီးမှူး ဦးကျော်ဟိန်း၏ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး၊ စစ်ဆေးရေးအဖွဲ့၏ ကားရှေ့လေကာမှန်များ ပျက်စီးခဲ့ရသည်ဟု ရခိုင်ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် ဧပြီ ၂၆ရက်က စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ၌ မြေပုံဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း(ဆွဲ၊တင်၊စစ်) လူဦးရေ စာရင်းကောက်ယူနေစဉ် ဘင်္ဂါလီများနှင့် စာရင်းကောက်အဖွဲ့တို့ကြားရုန်းရင်းဆန်ခတ်မှုဖြစ်ရာမှ စစ်ဘက်နှင့်အရပ်ဘက်မှ လူ သုံးဦးထက်မနည်း ဒဏ်ရာ ပြင်းစွာရရှိခဲ့ပြီး၊ သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးလျက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၄၊ ၁၄၈၊ ၃၃၂၊ ၃၃၃၊ ၃၉၅၊ ၅၀၆ စသည့် ပုဒ်မ ၆ခု ဖြင့် စစ်တွေခရိုင် တရားရုံးတွင် တရားစွဲ ဆိုထားသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားသည့်နေ့မှစ၍ အစိုးရဆောင်ရွက်နေသည့် “ဆွဲ၊တင်၊စစ်” အစီအစဉ်မှာ ရပ်နားထားခဲ့ရပြီး၊ရခိုင်ပြည်နယ်အတွင်း လူဦးရေစာရင်းကောက်ယူမှုကို လာမည့်၂၀၁၄ ခုနှစ်မတ်လ ပြည်လုံးကျွတ် သန်းခေါင် စာရင်းမကောက်မီ အပြီးပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ဇူလိုင် ၂၁ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

သိန်းလှိုင်
Mizzima - News in Burmese