Home » » သမီးအရင်းနှင့် လင်ပါသားတို့အား အခကြေးငွေဖြင့် မွေးစားရန် ပေးအပ်သူနှင့် ပို့ဆောင်သူတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အရေးယူ

သမီးအရင်းနှင့် လင်ပါသားတို့အား အခကြေးငွေဖြင့် မွေးစားရန် ပေးအပ်သူနှင့် ပို့ဆောင်သူတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အရေးယူ

Written By Unknown on Thursday, July 18, 2013 | 2:55 PM

နေပြည်တော်၊ ဇူလိုင် ၁၈

၁၅-၇-၂၀၁၃ ရက်နေ့တွင် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ အေးချမ်းသာရပ်ကွက်မှ အသက်(၉)နှစ်အရွယ် သမီးအရင်းနှင့် အသက်(၆)နှစ်အရွယ် လင်ပါသားတို့အား မတင်နွယ်စိုး(ခ) မစိုး(၃၃)နှစ်မှ တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားပြီး တရုတ်အဖွားကြီးတစ်ဦးထံ အခကြေးငွေယူ၍ မွေးစားရန်ပေးအပ်ခဲ့ရာ နမ့်လန်နယ်မြေရဲစခန်း(ပ)၁၂/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)မှတပ်ဖွဲ့ဝင်များက မတင်နွယ်စိုး(ခ)မစိုးအား သက်သေများရှေ့၌မေးမြန်းရာ ၂၃-၆-၂၀၁၃ ရက်နေ့တွင် အသက်(၉)နှစ်အရွယ်ရှိ ၎င်းင်း၏သမီးနှင့် အသက်(၆)နှစ်အရွယ်ရှိ လင်ပါသား(၂)ဦးတို့အား မွေးစားမည့်သူထံ အမွေစားအမွေခံအဖြစ် ပေးအပ်ရန် နမ့်လန်ကျေးရွာ၊ စက်ရုံရပ်ကွက်နေ မအေးကြည်(ခ)နန်းငွေကြည်(၃၈)နှစ်နှင့် ဆက်သွယ်၍ ပို့အပ်ခဲ့ကြောင်း၊ လားရှိုးမှမူဆယ်သို့ ဗင်ကားဖြင့်သွားပြီး မူဆယ်စက်လှေဆိပ်မှ တရုတ်နိုင်ငံ၊ ကောင်းဆောင်ရွာသို့ရောက်ရှိခဲ့ကြောင်း၊ ၄င်းရွာရှိ အမည်မသိ တရုတ်နိုင်ငံသားအဖွားကြီးတစ်ဦးမှ မွေးစားလို၍ အမွေစားအမွေခံစာချုပ်ဖြင့် လက်မှတ်ရေးထိုးပေးအပ်ခဲ့ကြောင်း၊ အဆိုပါတရုတ် အဖွားကြီးမှ ၄င်းအား ကလေးဝယ်ယူသည့်ငွေအဖြစ် သဘောမထားဘဲ ““နို့ဖိုး””ဟု ပြောဆိုကာ တရုတ်ယွမ်ငွေ(၂၅၀၀)ပေးသဖြင့် မြန်မာငွေနှင့်လဲလှယ်ခဲ့ရာ ငွေကျပ်(၄၀၀၀၀၀ိ/-)ခန့် ရရှိခဲ့သဖြင့်၊ မအေးကြည်အား ခရီးစရိတ်ငွေကျပ်(၁၀၀၀၀၀ိ/-)နှင့် လိုက်ပါပို့ဆောင်ခငွေကျပ်(၅၀၀၀၀ိ/-)၊ စုစုပေါင်း ငွေကျပ်(၁၅၀၀၀၀ိ/-)ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မတင်နွယ်စိုး(ခ)မစိုး၏ ထွက်ဆိုချက်အရ မအေးကြည်၏သတင်းအား စုံစမ်းခဲ့ရာ ၁၄-၇-၂၀၁၃ ရက်နေ့တွင် ၎င်းင်း၏နေအိမ်သို့ပြန်လည်ရောက်ရှိနေကြောင်း သိရှိရသဖြင့် နမ့်လန်နယ်မြေရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့ရာ မတင်နွယ်စိုး(ခ)မစိုးမှ နောက်အိမ်ထောင်တွင် ကလေးများရှိသည်ကိုမကြိုက်ကြောင်း၊ ကလေးများမွေးစားမည့်သူရှိက ပေးလိုကြောင်းပြောသဖြင့် ၄င်းက တရုတ်နိုင်ငံ၊ ကောင်းဆောင်ရွာနေ ဦးမောင်ထံပို့ဆောင်ပေးခဲ့ကြောင်း၊ ကောင်းဆောင်ရွာထဲတွင် ကလေးမရှိသည့်လင်မယားမှ ကောင်းကောင်းမွန်မွန်မွေးစားထားပြီး ပညာသင်ကြားပေးလိမ့်မည်ဟုပြောဆိုခဲ့ရာ မတင်နွယ်စိုး(ခ) မစိုးမှ သဘောတူသဖြင့် တရုတ်အမျိုးသမီးကြီးနှင့်တွေ့ပေးခဲ့ကြောင်း၊ တရုတ်အမျိုးသမီးကြီးမှ နောင်အခါ ပြဿနာမဖြစ်စေရန် စာချုပ်စာတမ်းဖြင့် လက်မှတ်ရေးထိုး ပေးအပ်စေခဲ့ကြောင်း၊ မတင်နွယ်စိုး(ခ)မစိုးအား တရုတ်ငွေပေးသည်ကို မြင်တွေ့သော်လည်း မည်မျှပေးသည်ကို မသိကြောင်း၊ ၎င်းင်းအား မတင်နွယ်စိုး(ခ)မစိုးက လိုက်ပါပို့ဆောင်ခ ငွေကျပ် (၅၀၀၀၀ိ/-) ပေးခဲ့ကြောင်းသိရှိရသည်။

သို့ဖြစ်၍ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာနေ အသက်(၉)နှစ်အရွယ် သမီးအရင်းနှင့် အသက်(၆)နှစ်အရွယ် လင်ပါသားတို့နှစ်ဦးအား တရုတ်နိုင်ငံသို့ပို့ဆောင်၍ မွေးစားရန်ပေးအပ်ခဲ့ပြီး အကျိုးအမြတ်ရယူခဲ့ကြသော မိခင်ဖြစ်သူ မတင်နွယ်စိုး(ခ)မစိုး(၃၃)နှစ်နှင့် အတူလိုက်ပါပို့ဆောင် ပေးသူ နမ့်လန်ကျေးရွာ၊ စက်ရုံရပ်ကွက်နေ မအေးကြည်(ခ)နန်းငွေကြည် (၃၈)နှစ်တို့နှစ်ဦးအား သီပေါမြို့နယ်၊ နမ့်လန်နယ်မြေရဲစခန်း(ပ)၁၃/၂၀၁၃၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် ကလေးငယ်နှစ်ဦးအား ပြန်လည်ကယ်တင်နိုင်ရေး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)နှင့် တပ်ဖွဲ့စု(မူဆယ်)တို့ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်