Home » » ပြင်ဦးလွင်တွင် ဗြုန်းကျင်းပိ၍ လူတစ်ဦးသေဆုံး

ပြင်ဦးလွင်တွင် ဗြုန်းကျင်းပိ၍ လူတစ်ဦးသေဆုံး

Written By Unknown on Sunday, July 7, 2013 | 6:05 PM

မန္တလေး၊ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် ကုန်းတောကျေးရွာတွင် ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ဗြုန်း တူးနေစဉ် အမျိုးသားတစ်ဦး ဗြုန်းကျင်းပိ၍ သေဆုံးခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"မိုင်းခွဲရင်းနဲ့ ထိပြီး ဖြစ်တာထင်တယ်။ ဟိုတစ်လောကဆိုရင် သေတော့မသေဘူး၊ မိုင်းခွဲရင်းနဲ့ လက်ပြတ်သွားတယ်။ အခု ဗြုန်းပိတာတို့ ခဏခဏ ကြားနေရတယ်" ဟု
ပြင်ဦးလွင်မြို့နေသူ တစ်ဦးက ပြောကြားသည်။

ပြင်ဦးလွင်မြို့ မိုးကြိုးကွက်သစ်တွင် နေထိုင်သူ ဦးစိန်ဝင်း အသက် ၄၂ နှစ်သည် တစ်ဦးတည်း ဗြုန်းတူးနေစဉ် အမြင့်၁၀ ပေခန့်မှ ဗြုန်းကျောက်များ ပြိုကျပိမိကာ ဝဲခြေသလုံးပြတ်၊ ပါးစပ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိ သေဆုံးသဖြင့် ပြင်ဦးလွင် ဆေးရုံသို့ ပို့ဆောင်ပြီး နယ်မြေရဲစခန်း (ပိတ်ချင်းမြှောင်)က သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၃အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ရုံးထံမှ ထပ်မံသိရှိရသည်။

မိုးကုတ်ဘက်တွင် ကျောက်မိုင်းခွဲပြီး ဗြုန်းများထဲမှ ပတ္တမြား၊ နီလာကျောက်များ ကို ရှာဖွေကြကာ ပြင်ဦးလွင် ဘက်တွင်မူ ကျောက်တောင်ကို မိုင်းခွဲပြီး ယင်းမှရသော ဗြုန်းကျောက်များကို အင်္ဂတေနှင့် ရောကာ အုတ်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

The Voice Weekly