Home » » တောင်ငူလေတပ်စခန်း ဌာနချုပ်က သိမ်းယူထားသော မြေများတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

တောင်ငူလေတပ်စခန်း ဌာနချုပ်က သိမ်းယူထားသော မြေများတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

Written By Unknown on Sunday, July 7, 2013 | 5:35 PM

တောင်ငူ၊ ဇူလိုင် ၆

တောင်ငူ လေတပ်စခန်းဌာနချုပ်က လေယာဉ်ကွင်း တည်ဆောက်ရန် သိမ်းဆည်းခဲ့သော လယ်ယာမြေများတွင် မိုးစပါးနှင့် ကြံကို အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် နွား ၁၂ ရှဉ်းဖြင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း မဟင်ကျေးရွာအုပ်စု မြေသိမ်းခံ တောင်သူများက The Voice သို့ ပြောကြားသည်။

၁၉၉၁ ခုနှစ်တွင် လေတပ်စခန်းဌာန ချုပ်က တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု အနီးတစ်ဝိုက် ကျေးရွာများ ဖြစ်သော အိုင်စောက်ကျေးရွာနှင့် မဟင်ကျေးရွာတို့မှ ဒေသခံ တောင်သူ ၆၀ ကျော်၏ မိဘဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင် ဆောင်ရွက်ခဲ့သော လယ်ယာမြေဧက ၂၀၀ နီးပါးကို လေယာဉ်ကွင်း တည်ဆောက်ရန်အတွက် သိမ်းယူခဲ့ပြီး ပိုလျှံသောမြေများကို ဒေသခံ တောင်သူများအား တစ်နှစ်လျှင် သီးစားခ စပါး ၁၂ တင်း၊ ကြံတစ်ဧက တစ်တန်နှုန်းဖြင့် လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း ဒေသခံတောင်သူ များက ပြောကြားသည်။

"မနှစ်က သီးစားခ မပေးခဲ့ရပါဘူး။ ဒီနှစ်လည်း သီးစားခမပေးဘဲ လုပ်ကိုင်ခွင့် ပြုမယ်လို့ လေတပ်စခန်း ဌာနချုပ်က ပြောပေမယ့် တပ်က ပိုင်ဆိုင်တယ်ဆိုတဲ့ အကြောင်း လက်မှတ် ထိုးပေးရမယ်လို့ ပြောတဲ့အတွက် တောင်သူတွေအကုန် လက်မှတ်မထိုးဘဲ အခုလို ထွန်တုံးတိုက်ပွဲ ဆင်နွှဲရခြင်း ဖြစ်ပါတယ်" ဟု ယာမြေဧက ခြောက်ဧက သိမ်းဆည်းခံရသူ အိုင်စောက်ကျေးရွာမှ တောင်သူဦးစိုးဝင်းက ပြောကြားသည်။

ယင်းလယ်ယာမြေများ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ သိရှိလိုပါက တောင်ငူ လေတပ်စခန်း ဌာနချုပ်တွင် ရုံးချိန်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လာရောက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်းနှင့် လက်ရှိတွင် ဖြေကြားခွင့် မရှိကြောင်း အဆိုပါ ထွန်တုံး တိုက်ပွဲကို လာရောက်စောင့်ကြည်သူ့ တောင်ငူ လေတပ်စခန်း ဌာနချုပ် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက The Voice ၏ တွေ့ဆုံမေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

တောင်ငူ လေတပ်စခန်းဌာနချုပ်က သိမ်းယူခဲ့စဉ်က မည်သည့်ညွှန်ကြားချက် စာရွက်စာတမ်းမျှ မထွက်ဘဲ တပ်က ပိုင်ဆိုင်သည်ဟု ပြောဆိုကာ ခြံစည်းရိုး ကာရံမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် သီးစားခ ပေးချေ လုပ်ကိုင်နိုင်သည်ဟု ပြောဆိုနေပါသော်လည်း သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့်ရရှိ
နိုင်ရန်အတွက် မအောင်မြင်မချင်း ယခုကဲ့သို့ ထွန်တုံးတိုက်ပွဲများ ဆင်နွှဲသွားမည် ဖြစ်ကြောင်း တလိုင်းနွယ်ကုန်း ကျေးရွာနေ လယ်မြေသုံးဧက သိမ်းဆည်းခံရသူ အသက် ၇၀ ကျော် အဘွားဒေါ်အုန်းစိန်က ဆိုသည်။

လက်ရှိ ဇွန်လနှင့် ဇူလိုင်လအတွင်း တောင်ငူခရိုင် တောင်ငူနှင့် ဖြူးမြို့နယ် တို့တွင် ဒေသခံတောင်သူ ၂၀၀ ကျော်က လယ်ယာမြေဧကပေါင်း ၂၀၀၀ ကျော်၌ ထွန်တုံးတိုက်ပွဲများ ဆင်နွှဲနေကြပြီး ဒေသခံ သတင်းထောက် တစ်ဦးနှင့် တောင်သူ ၆၀ ဦး ကျော်ကို ဒေသဆိုင်ရာ တာဝန်ရှိသူများက ရာဇဝတ်မှု မကင်းသော နယ်မြေကျော်နင်းမှု အပါအဝင် အမှုပေါင်း ၁၆ မှုဖြင့် အမှုဖွင့် တိုင်ကြားခြင်း ခံနေရကြောင်း အမှုဖွင့်ခံ ထားရသူ မြေသိမ်းခံတောင်သူများက The Voice သို့ ပြောကြားသည်။

ဇေယျာကို (တောင်ငူ)

The Voice Weekly