Home » » ဒေးဒရဲ တမံကျိုး၍ လယ်ဧက သုံးထောင်ကျော် ရေမြုပ်

ဒေးဒရဲ တမံကျိုး၍ လယ်ဧက သုံးထောင်ကျော် ရေမြုပ်

Written By Unknown on Friday, July 26, 2013 | 1:39 PM

ဒေးဒရဲ၊ ဇူလိုင်၂၅

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ရှိ ကံသစ် ကျေးရွာ အုပ်စုနှင့် သောကြာ ကျေးရွာအုပ်စု ကြားတွင် နှစ်ကာလ ကြာမြင့်ပြီး မကြာခဏ ကျိုးပေါက်တတ်သည့် မြစိမ်းကန် ရေငံတား မြေသား တာတမံ ဇူလိုင်လ ၂၂ ရက်နေ့က ကျိုးပေါက်ခဲ့သဖြင့် လယ်မြေ ဧက ၃၀၀၀ ကျော် ရေနစ်မြုပ် ခဲ့ကြောင်း ယင်းဒေသခံများထံက သိရသည်။

တမံမှာ ဒေးဒရဲမြို့နယ်ရှိ အကယ်ချောင်းဝမှ ဖျာပုံမြစ်ဝအထိ အရှည် ၁၃ ဒသမ ၅မိုင်ခန့် ရှိပြီး သောကြာ ကျေးရွာအနီးတွင် အရှည် ၃၅ ပေခန့် ကျိုးပေါက်သွားကြောင်း၊ ယင်းကြောင့် သောကြာ ကျေးရွာ အုပ်စုအတွင်း ရှိ ဂွေးကုန်း၊ ဂွေးချောင်း၊ မြစိမ်းကန်၊ ကျုံလွတ် တမံနှင့် ကျုံလှ ကျေးရွာတို့မှ လယ်မြေ အချို့နှင့် ကံသစ် ကျေးရွာ အုပ်စုအတွင်းရှိ မကျည်းကန်၊ စွယ်တော်ကုန်း၊ သကြား ဟင်းအိုး၊ ဖိုးရှမ်းကြီး၊ ကျုံမင်း ကျေးရွာတို့မှ လယ်မြေများ ရေနှစ်မြုပ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“လပြည့်နေ့က တာပေါက်သွားတော့ စပါးတွေ ရေနစ်ကုန်တာပေါ့။ စိုက်ထား တာ ၁၅ရက်လောက်ပဲ ရှိသေးတယ်။ ရေတော်တော်နဲ့ ပြန်မကျရင်တော့ အပင်တွေ သေနိုင်တယ်” ဟု ဂွေးကုန်း ကျေးရွာသား ဦးအောင်ဌေးက ဆိုသည်။

သောကြာ ကျေးရွာအနီးရှိ ကျိုးပေါက်သွားသည့် ပင်လယ်တာကို တိုင်းဒေသကြီး အစိုးရက ချမှတ်ပေးထားသော အသုံးစရိတ် အခြေအနေပေါ် တွင် မူတည်၍ ပြုပြင်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒေးဒရဲ မြို့နယ် ဆည်မြောင်း ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“နောက်တစ်ကြိမ် ဒီရေတက်ချိန် ရေမဝင်အောင် ယာယီ ကာရံပေးမယ်။ တစ်ပတ်၊ ဆယ်ရက်လောက် ကြာမယ်။ အကြီးစား ပြင်ဆင်မှုကိုတော့ ပွင့်လင်းရာသီ အမီ ပြင်ဆင်ဖို့ တင်ပြထားပါတယ်” ဟု ၎င်းက ဆိုသည်။

The Voice Weekly