Home » » ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို အတင်းအကြပ် နေရာမပြောင်းရွှေ့ဖို့ ကုလသတိပေး

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို အတင်းအကြပ် နေရာမပြောင်းရွှေ့ဖို့ ကုလသတိပေး

Written By Unknown on Tuesday, July 2, 2013 | 10:46 PM

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို အာဏာပိုင်တွေက ပြန်လည်နေရာချထားရာမှာ အတင်းအကြပ် လုပ်ဆောင်တာမျိုးတွေမဖြစ်စေဖို့ ကုလသမဂ္ဂက ဒီကနေ့ သတိပေးပြောကြားလိုက်ပါတယ်။

မကြာခင်သေးခင် သီတင်းပတ်တွေအတွင်း ယာယီဒုက္ခသည်စခန်းတွေမှာ
နေထိုင်ကြသူတွေကို နေရာချထားတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုနှစ်ခုမှာ အသေအပျောက်တွေရှိခဲ့တာကြောင့် မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့ မြန်မာနိုင်ငံ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညွှန်ကြားရေးမှူး Eamonn Murphy က ပြောဆိုလိုက်ပါတယ်။

အစိုးရနဲ့ လူမှုအသိုင်းအ၀ိုင်းကြား ယုံကြည်မှုတည်ဆောက်ပြီး ရခိုင်ပြည်သူတွေအတွက် အထူးသဖြင့် ဒုက္ခသည်တွေအတွက် အစိုးရအနေနဲ့ ရေတိုရေရှည် စီမံကိန်းချမှတ်ဆောင်ရွက်ဖို့လည်း Mr Murphy က တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေသခံရခိုင်လူမျိုးတွေနဲ့ မွတ်စလင်တွေကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပြီး သူတို့တွေကို ပြန်လည်နေရာချထားဖို့အတွက် အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်မှုကို လက်မခံကန့်ကွက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်က မွတ်စလင်အရေးကိစ္စအပါအဝင် အီရန် မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံရဲ့ အာရှနဲ့ ပစိဖိတ်ရေးရာအကြီးအကဲ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Seyed abbas Araqchi ဟာ မနေ့ညပိုင်းက မြန်မာနိုင်ငံကို ထွက်ခွာသွားပါတယ်။

အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ ၂ ရက်ကြာခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်းအရာရှိကြီးတွေနဲ့ တွေ့ဆုံမယ်လို့ အီရန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ သူဟာ အီရန်နဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်သလို ရခိုင်ပြည်နယ်က မွတ်စလင်အရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအပေါ် အစ္စလာမ်ဘာသာဝင် နိုင်ငံတွေနည်းတူ အီရန်နိုင်ငံအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေရှိကြောင်းနဲ့ ပဋိပက္ခတွေကို အဆုံးသတ်ရေးအတွက် အဖြေရှာဖို့ မြန်မာခေါင်းဆောင်ပိုင်းတွေကို တိုက်တွန်းမှာဖြစ်တယ်လို့ Seyed abbas Araqchi ပြောပါတယ်။

လွန်ခဲ့တဲ့လကလည်း အီရန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် မိုဟာမက်ခါဇာရီက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ချက်ချင်းဝိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အလားတူ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အကူအညီပေးရေးတွေကို ဆွေးနွေးဖို့အတွက် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ဟာ မနက်ဖြန် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။ Mr. McCullyဟာ ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

RFA Burmese