Home » » လယ်ခွန်ပြေစာ လက်ဝယ်ရှိလျှင် ကျေးရွာအဆင့်တွင် လယ်ပြန်ရနိုင်ဟုဆို

လယ်ခွန်ပြေစာ လက်ဝယ်ရှိလျှင် ကျေးရွာအဆင့်တွင် လယ်ပြန်ရနိုင်ဟုဆို

Written By Unknown on Friday, July 5, 2013 | 5:05 PM

ရန်ကုန်၊ ဇူလိုင် ၎

တပ်မတော်အစိုးရ လက်ထက်တွင် စီမံကိန်းများ ဖော်ဆောင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် သိမ်းဆည်းထားသော လယ်ယာမြေများကို ပြန်လည်ပေးအပ်သည့် လုပ်ငန်းစဉ်တွင် လယ်သမားများ လက်ဝယ်တွင် လယ်ခွန်ပြေစာများ ခိုင်ခိုင်မာမာ ရှိနေလျှင် ကျေးရွာအဆင့်မြေယာ ကော်မတီမှာတင် လယ်ပြန်ရနိုင်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက The Voice သို့ ပြောကြားသည်။

တပ်မတော်က လယ်သမားများထံသို့ လယ်ယာမြေပြန်ပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရသို့ ချထားပေးပြီးနောက် ယင်းမှတစ်ဆင့် ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် မြေယာကော်မတီ များက လယ်ယာမြေ ပြန်လည် ခွဲဝေပေးရမည် ဖြစ်သည်။
"လယ်သမားတွေ ကိုလည်း ထွန်တုံး တိုက်ပွဲမှာတင် အာရုံမစိုက်ဘဲ လယ်ခွန် ပြေစာလေးတွေ ရှာဖို့ ပြောချင်ပါတယ်။ ရှင်းရှင်းပြောရရင် ချက်ကျလက်ကျ ပြောတတ်တဲ့ လယ်သမားကတော့ ကျေးရွာ အဆင့် မြေယာကော်မတီ မှာတင် လယ်ပြန်ရမှာပဲ"ဟု ၄င်းကဆိုသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းရေး စုံစမ်းမှုကော်မရှင်သည် နိုင်ငံတစ်ဝန်းတွင် သိမ်းဆည်းထားသည့် လယ်ယာမြေများနှင့် ပတ်သက်သည့် အငြင်းပွားမှုများကို ဖြေရှင်းပေးရန်သာ ဖြစ်သောကြောင့် ပြန်လည်ရရှိလာသည့် လယ်ယာမြေများကို ခွဲဝေရာတွင် ပါဝင် ဆောင်ရွက်ခြင်း ပြုမည်မဟုတ်ဟု ၄င်းက ရှင်းပြသည်။

"လယ်ယာမြေ ပြန်ပေးတဲ့နေရာမှာ ကော်မရှင်မပါဘူး ဆိုတာကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့် အရပေါ့လေ။ ပြန်ပေးမယ် ဆိုလည်း လယ်သမားကတော့ မြန်မြန် ပြန်ရချင်တယ်" ဟု ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာမှ မြေသိမ်းခံ လယ်သမား ဦးကျော်ငြိမ်း က ပြောကြားသည်။

လယ်ယာမြေ ပြန်လည်ခွဲဝေရေးတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ကျေးရွာ မြေယာကော်မတီမှ အဆင့်ဆင့်တက်၍ တိုင်းအဆင့် မြေယာကော်မတီတွင် အပြီးသတ် ဆုံးဖြတ်မည် ဖြစ်ပြီး လယ်ယာမြေ
ပြန်လည်ရရှိရေး အတွက် ကျေးရွာမြေယာ ကော်မတီများတွင် လျှောက်လွှာတင်ရမည် ဖြစ်ရာ တစ်လအတွင်း ကန့်ကွက်သူ မရှိက လယ်မြေ ပြန်ရမည်ဖြစ်ကြောင်း လယ်ယာမြေ နှင့် အခြားမြေများ အငြင်းပွားမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်ထံမှ သိရသည်။

နိုင်ငံတစ်ဝန်း လယ်ယာမြေသိမ်းဆည်းမှု များတွင် တပ်မတော်က သိမ်းဆည်းထားသော လယ်ယာမြေဧက နှစ်သိန်းကျော်ရှိပြီး သိမ်းဆည်လယ်မြေ ပမာဏ အများဆုံးဖြစ်ရာ စီမံကိန်း မလုပ်ဖြစ်သော လယ်ယာမြေများကို ဇူလိုင်လအတွင်း ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇွန်လ ၂၆ ရက်နေ့တွင် အမျိုးသား လွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်ထံ ကတိပြုထားသည်။

The Voice Weekly