Home » » အရပ် ရှစ်ပေနီးပါးရှိ ဦးဝင်းဇော်ဦးကို ပြည်ပတွင် ခွဲစိတ်ကုသပေးမည်

အရပ် ရှစ်ပေနီးပါးရှိ ဦးဝင်းဇော်ဦးကို ပြည်ပတွင် ခွဲစိတ်ကုသပေးမည်

Written By Unknown on Thursday, July 18, 2013 | 11:19 AM

ဟော်မုန်း အပြောင်းအလဲကြောင့် သာမန်ထက် ပိုအရပ်ရှည်လာသော အရပ် ၇ ပေ ၁၀ လက်မရှိ ဦးဝင်းဇော်ဦးကို ပြည်ပနိုင်ငံတွင် ခွဲစိတ်ကုသပေးရန် စီစဉ်နေကြောင်း ၎င်း၏ ကျန်းမာရေး အတွက် စောင့်ရှောက်ပေးနေသော လမ်း ၃၀ နှင့် အဆင့်မြင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ခွဲစိတ်ကုသရန်အတွက် စင်ကာပူနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို ယာယီရွေးချယ်ထားပြီး နိုင်ငံနှင့် ဆေးရုံနာမည် အတိအကျကိုမူ တရားဝင်ထုတ်ပြန် မကြေညာနိုင်သေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လက်ရှိအချိန်တွင် ဦးဝင်းဇော်ဦး၏ သွေးစစ်ချက်ကို စင်ကာပူနိုင်ငံတွင် ပို့ဆောင်စစ်ဆေးထားကြောင်း၊ စစ်ဆေးချက် အဖြေထွက်ရှိပါက ၎င်း၏ကျန်းမာရေးဆေးအဖွဲ့ ဆရာဝန်ကြီးများနှင့် တိုင်ပင်ကာ သွားရောက်ကုသမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ဦးဝင်းဇော်ဦးသည် သာမန်အရပ်ရှည်ခြင်းနှင့်မတူဘဲ အသက် ၁၈ နှစ် နောက်ပိုင်းမှ သိသိသာသာ အရပ်ရှည်ထွက် လာသောကြောင့် ကျန်းမာရေးစစ်ဆေးကြည့်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားလာသည့်ရောဂါ (Acromegaly) ကိုတွေ့ရှိရကြောင်း ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမြတ်သူက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရှင်းလင်းပြော ကြားသည်။

ယင်းရောဂါမျိုးသည် အမျိုးသား၊ အမျိုးသမီးတိုင်းတွင် ဖြစ်လေ့ ရှိသော ရောဂါတစ်မျိုးဖြစ်ပြီး အခြားဝေဒနာရှင်များတွင် မျက်နှာအစိတ်အပိုင်းနှင့် ခြေဖျားလက်ဖျားများ ကြီးလာတတ်ကြောင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် သွေးတိုးနှင့် ဆီးချိုရောဂါများ ခံစားရနိုင်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

အရပ် ၇ ပေ ၁၀ လက်မရှိ ဦးဝင်းဇော်ဦးသည် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်းကျေးရွာတွင် နေထိုင်ပြီး အသက် ၃၆ နှစ်ရှိပြီ ဖြစ်သည်။

တိုင်းထွာရရှိသော ခန္ဓာကိုယ် အတိုင်းအတာများအရ ၎င်း၏ခြေဖဝါးအရှည် ၁၃ လက်မ၊ လက်ဝါးအရှည် ၁၁ လက်မ၊ လက်ဝါးအကျယ် ၅ ဒသမ ၂ လက်မ၊ ရင်အုပ်အကျယ် ၄ ပေ၊ ခါးအကျယ် ၃ ပေ ၁၁ လက်မနှင့် ခါးမှခြေဖျားအရှည် ၅၃ လက်မ ဖြစ်သည်။

ရလေး
The Voice Weekly