Home » » မန္တလေး - ပြင်ဦးလွင်လမ်း ရေသည်များ ဆက်လက် နေထိုင်ခွင့်ရရေး အသနားခံ တင်ပြ

မန္တလေး - ပြင်ဦးလွင်လမ်း ရေသည်များ ဆက်လက် နေထိုင်ခွင့်ရရေး အသနားခံ တင်ပြ

Written By Unknown on Thursday, July 18, 2013 | 11:09 AM

မန္တလေး - ပြင်ဦးလမ်း မိုင်တိုင် ၁၆/၄ မှ ၂၃ အတွင်း လမ်းဘေး ၀ဲ/ယာဈေးသည်များအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း ၁၃.၇.၂၀၁၃ ရက် နေ့စွဲဖြင့် ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေး ၊ သစ်တောဦးစီး ဌာန အပါအ၀င် ဌာနဆိုင်ရာအဖွဲ့အစည်းများက လမ်းဘေးဈေးသည်များထံ “မန္တလေး -
ပြင်ဦးလွင် အတက်အဆင်း လမ်းရှိ ရေဆိုင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် ကိစ္စ”ဟူသည့် အကြောင်းအရာပါစာဖြင့် ရေဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းမှ ၂၀.၇.၂၀၁၃ ရက်နေ့တွင် အပြီးဖယ်ရှားပေးရန် ပြောဆိုလာကြောင်း သိရသည်။

ထိုသို့ဌာနဆိုင်ရာများမှ စာဖြင့်ထုတ်ပြန် မောင်းနှင်လာသဖြင့် ၁၉မိုင်အနီးဝန်ကျင်မှ ရေဆိုင်ဖွင့်၍ လုပ်ကိုင်စားသောက် နေကြသူများမှာ စိုးရိမ်လျှက်ရှိပြီး ဆက်လက်နေထိုင် ရောင်းချခွင့်ရရှိရန် အသနားခံစား တင်ပြခဲ့ကြောင်း သိရသည်။

 ရေဆိုင်ဖွင့်၍ လုပ်ကိုင်နေကြသူများမှာ ၁၉မိုင်အနီး ၀န်းကျင်ကျေးရွာများမှ လာရောက်ရောင်းချနေသူများ ပါဝင်ပြီး တစ်နယ်တစ်ကျေးမှ ပြောင်းရွှေ့လာရောက်နေထိုင်သူများလည်း ပါဝင်သည်။

၁၉မိုင်၁ဖာလုံ အနီးတွင် နေထိုင်သူ ဦးငွေပေါမှ “အဘတို့ ဒီရောက်တာ ၈ နှစ်ရှိပြီ။ အဘ ဆိတ်တွေ မွေးရင်း ဒီမှာနေတယ်ပေါ့။ သစ်တောကနေလို့မရဘူးလို့ ပြောတော့ အဘလည်း ပြန်မယ်လုပ်တာပေါ့။ အဲဒီမှာ တောအုပ်က ဒီမှာဆက်ပြီး မွေးမြူရေး လုပ်မယ်ဆိုရင် မြေဂရံထုတ်ပေးမယ်လို့ ပြောတယ်။
နည်းနည်းပါးပါးတော့ ငွေကုန်မယ်ပေါ့။ အဘလည်း သူကုန်ကျမယ့်ငွေကို ပေးလိုက်တယ်။ မြေလေးတစ်ဧက ဂရံရတယ်။ တိုးချဲ့ပြီး ခုတ်ထားတာလေးလည်း ရှိတယ်။ အဘအဲဒီလိုပဲ စိုက်ပျိုးစားသောက်နေတယ်။ အခုနှစ်ပိုင်းမှာကြတော့ မိုးခေါင်တယ်။ ပဲတွေစိုက်ထားတာလည်း သေတယ်။ အဲဒါနဲ့ ဒီအပေါ်မှာ ရေဆိုင်လေးတက်ဖွင့်ပြီး နေ့စဉ် စားဝတ်နေရေး ဖြေရှင်းနေတာပါ။ သိပ်ပြီး
များများစားစား ရတာလည်း မဟုတ်ပါဘူး။ အခုလိုအခြေအနေ မျိုးမှာ မိုးကခေါင်တော့ ကားရေဆေးဖို့ ရေကိုတောင် ၀ယ်သုံးနေရတယ်။”ဟု ဆိုသည်။

အဆိုပါနေရာတွင် ရေဆိုင်ဖွင့်၍ နေထိုင်ကြသူများမှာ အချို့(၅)နှစ်ခန့်အထိ ရှိပြီဖြစ်ကြောင်း ၊ လွန်ခဲ့သောနှစ်များကလည်း မောင်းထုတ်ဖယ်ရှားမှုများ ရှိခဲ့ကြောင်း ၊ ပြောင်းရွှေ့လုပ်ကိုင်စားသောက်ရန် အခက်အခဲ ရှိသဖြင့် ဒီနေရာတွင်သာ တွယ်ကပ်နေကြရခြင်း ဖြစ်ကြောင်း ရေသည်များက ဆိုသည်။

ယခုနှစ်ထဲတွင် ဖယ်ရှားရန် ပြောဆိုသည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ၂ ကြိမ်ရှိပြီဖြစ်သည်။ ပထမ တစ်ကြိမ် ဖယ်ရှားမောင်နှင်စဉ်ကလည်း အသနားခံစာတင်ပြခဲ့သည်။ ယခုတစ်ကြိမ် ၂၀ ရက်နေ့အပြီးထွက် ရမယ်ဆိုသဖြင့် စိုးရိမ်ပူပန်နေကြသည်။

ရေသည်များအနေဖြင့် လမ်းနှင့်မလွတ်ကင်းလျှင် နောက်ဆုတ်၍ ဆက်လက်လုပ်ကိုင်စားသောက်လို ကြောင်း ၊ နိုင်ငံတော်စီမံကိန်းများ စတင်မည်ဆိုလျှင် လွတ်လပ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခု အခြေအနေတွင် ပြောင်းရွှေ့အခြေချရန် အခက်အခဲရှိပါသဖြင့် ဆက်လက်နေထိုင်
လုပ်ကိုင်စားသောက်ခွင့် ရရေး မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံလိမ့်မူ၍ အသနားခံစာကို ၁၇.၇.၂၀၁၃ ရက်နေ့တွင် တင်ပြထား ကြောင်း သိရသည်။

ထွန်းထက်

by Myanmar News Now